“အနက်ရောင် ဝတ္ထုတစ်ခုဟာ မြင်ရတဲ့လှိုင်းအလျား အားလုံးကို စုတ်ယူထားတာကြောင့် သူဟာ ကမ္ဘာကြီး ဆီက အလင်းတွေကို ခိုးယူသူလို့ ယူဆကြတယ်။ ဒီယူဆချက်ကို ပြောင်းပြန်လှန်ပစ်လို့လဲရသေးတယ်။ အနက်ဟာ အရောင်လှိုင်းအလျားအားလုံးကို စုတ်ယူထားတယ်ဆိုရင် သူ့မှာ အရောင်တွေပြည့်ဝ နေတယ်လို့ဆိုလိုတာဖြစ်တယ်….”
[အရောင်ဖတ်စာမှ …..]
+ + + + + + +
“စုတ်ချက်တစ်ခုဟာ စုတ်ချက်ဖြစ်နေရခြင်း ကိုပဲ ကျေနပ်နေတဲ့စုတ်ချက်” ဖြစ်ကြောင်းကို Izana Gallery မှာပြသတဲ့ AD ၂၀၂၅ ပြပွဲ ထဲက ပန်းချီဆရာဒီ ရဲ့ အမည်မဲ့ ၂၀၂၄ လက်ရာကားချပ်တစ်ခုမှာ တွေရတယ်။ တစ်ခုတည်းသောဒေါင်လိုက် စုတ်ချက်သာပါတဲ့ ကားချပ်ပေါ့။ ဒီလို လက်ရာ အတွက် အင်မတိ အင်မတန်ကို ကျေနပ်နိုင်တဲ့ “လောဘသတ်”မှု လိုအပ်လိမ့်မယ်။
အခြားတစ်ခုက အဖြူရောင်နောက်ခံ ပေါ်မှာ အချိုးမညီတဲ့ ဟန်ချက်ကို စုတ်ချက်ခြောက်ခုလောက်နဲ့ ထိန်းထားတဲ့ ရေးဆွဲမှုပေါ့။ ဘယ်ညာ နံရံတွေကို စုတ်ချက်ငါးခုနဲ့ Buttress ကျားကန်ထားတယ်။အောက်ခြေက တစ်ဆုံးပိတ်လိုက်တဲ့ စုတ်ချက်အရှည်တစ်ခု ကြောင့် ပန်းချီကားဟာထင်သလောက် မလှုပ်ရှားနိုင်ဖြစ်သွားရတယ်လို့ ယူဆစရာပဲ။
+ + + + + +
အဘ်စတြက် Abstract ပန်းချီမှာ ဆောင်ချက်/အရောင် တစ်ခုခု ဟာ ဒီနေရာမှာဘာလို့ ရှိနေရသလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြားဖို့တာ၀န်မရှိပါ။ အရောင်သည်အကြောင်းအရာ “Colour As Subject” ဖြစ်တယ်။ ဘာမှမရည်ရွယ်တဲ့ လက်တန်းရေးခြစ်မှု Improvisation သည်လည်း အဘ်စတြက်။ ခန္ဓာကိုယ်မှာ ဆေးရောင်သုတ်လိမ်းပြီး
လူးလှိမ့်မှု သည်လည်းအကြောင်းအရာ။
ဒါ့အပြင် သင်္ကေတ နှင့် သူ့ရဲ့ ကိုယ်စားပြုမှု သည်လည်း အကြောင်းအရာ ( symbolic abstraction )။ ဖြစ်ရပ်ကြီးတစ်ခုခုကို ရောင်ပြန်ဟပ် တဲ့ ဆောင်ချက်ဟာလဲ အဘ်စတြက်ဖြစ်နိုင်သေးတယ်။
ပန်းချီဆရာရဲ့ ဆိုလိုရင်းဇစ်မြစ်နဲ့ တင်ဆက်ပုံ နှစ်ခု အတူတကွ အလုပ်ဖြစ်သွားကြ တဲ့အခါ “အဘ်စတြက်ရဲ့ လှပခြင်း” တစ်မျိုး ကိုမြင်တွေ့ရတတ်တယ်။ အဘ်စတြက် ရဲ့ “ကျင့်ဝတ်”ဒိုင်မန်းရှင်းဟာ သီလစင်ကြယ်မှု သဘောဆောင်တယ်လို့ ယူဆကြတယ်။ တချို့ သော အဘ်စတြက် လက်ရာတွေရဲ့ အရည်အသွေးကတော့ ရေးဆွဲထားတဲ့မျက်နှာပြင်အထိသာ viewer အနေနဲ့ ဆင်ခြင်သိ ကို ကိုင်ဆွဲ ထိတွေ့နိုင်ပြီး “ရေးဆွဲခြင်း အခွံ” ရဲ့ နောက်ကွယ်/ရောင်ပြန်ဟပ်နေတဲ့ နယ်ပယ် ထဲကို ထိုးထွင်းသိ နဲ့ သာခရီးဆက်ရမယ့် အရာမျိုးတွေပေါ့လေ။( ဒီနေရာမှာ ဒက္ကရေးတဖ် ( decorative ) ဆန်တဲ့လက်ရာတွေကို ဆွေးနွေးခြင်းမပြုပါ။ ) သို့သော်လည်း မီနီမယ် ( Minimal) ဆန်ဆန် ဆောင်ချက်/ကားချပ်တစ်ခုအတွက်ကတော့ လုပ်ပြထားတဲ့ အရာဟာ “အဲဒါပဲ” ဖြစ်တယ်။ ဓမ္မရုံသိ ကိစ္စတွေမလိုဘူးပေါ့။

AD ၂၀၂၅ ပြပွဲထဲက ဝါ၊ နီ၊ ပြာ အခြေခံအရောင်သုံးခုနဲ့ အနက် စတာတွေကိုသာ အသုံးပြု ထားတဲ့ ဆရာဒီ ရဲ့ အရောင်သည် မျဥ်း၊ မျဥ်းသည်လည်းအရောင် ဆန်ဆန် အမည်မရှိ (၂၀၂၄)ကားချပ် ကတော့ ဟာမိုနီ နဲ့ ရောနှောခြင်း စည်းနှစ်ခုရဲ့ နယ်နိမိတ်ပေါ်မှာ ရပ်တည်နေတာပါ။ ဒါဟာ စီးဆင်းပုံအရ နှစ်လိုဖွယ် ကောင်းလှတယ်။ ဝါ၊နီ၊ပြာ နဲ့ အဖြူ၊အနက် ကို Hard edge သုတ်လိမ်းခြင်း ( ၂၀၂၄) လို colour bar ဆန်တဲ့ လက်ရာကားချပ်လည်း ပါ၀င်ပါတယ်။ ဒီလို ရေးခြယ်မှုဟာ သိမ်မွေ့နက်နဲမှု ဆိုတာမျိုး မပါ၀င်ပဲ ယုံကြည်-ရိုးစင်းမှု ၀င်ရိုးတစ်ဘက်ကိုသာ အားပြု ထားခြင်းမျိုးပါပဲ။
ဝါ ၊နီ၊ပြာ ဟာ အခြေခံအရောင်ဖြစ်တယ် ဆိုတဲ့ အယူဟာ so-called သာဖြစ်ပြီး တော့ အခြေခံအရောင်ထဲမှာ အစိမ်းရောင်လဲ ပါ၀င်နေတယ်လို့ အလယ်ခေတ် ကတည်းက ယူဆခဲ့ကြတာရှိပါတယ်။ ဥရောပအလယ်ခေတ်က ဆိုးဆေးသမားတွေဟာ အဝါနဲ့အပြာရောင်ကို ရောစပ်ခြင်းမပြုပဲ သဘာဝဆီကနေ အစိမ်းရောင်ကို တိုက်ရိုက် ထုတ်ယူခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတော့ စပ်ယူလို့မရတဲ့ အစိမ်းရောင်တွေရှိနေခဲ့လို့ပါပဲ။
+ + + + + + + +
အနုပညာ လုပ်ခြင်းဟာ အောက်ခြေမရှိတဲ့ မဖြေသိပ်နိုင်သော တောင့်တမှုကို ဖြည့်နေရသလိုပါ။ ဒါကြောင့်လဲ “Ars Longa” ဆိုပြီး အနုပညာဟာ “တစ်နံတစ်လျား” ဖြစ်နေရခြင်းပဲ။ ဘ၀တစ် လျှောက်ဖန်တီးမှု ရေ ချိန်ကို အချိန်အတော်ကြာ ထိန်းသိမ်းထားနိုင်ခြင်းကို “အနုပညာသက်လုံ”လို့ခေါ်ကြတယ်။ ပန်းချီ (ကို ) အောင်မြင့် ဟာ အနုပညာသက်လုံ ကောင်းသူတစ်ယောက်ဖြစ် ကြောင်းကို ခုနှစ်သက္ကရာဇ် မတူပေမယ့် ဆောင်ချက်တုံ့ပြန် လစ်ဟာမှု နည်းပါး တဲ့ ပန်းချီကားချပ်တွေက သက်သေပြနေတယ်။ AD ပြပွဲထဲက RED BEATS RED လို အနီရောင် သက်သက်ကားချပ်မှာ နု/ရင့်ကို ဆေးသားအရမပါးတော့ပဲ RELEASE STROKE လိုဖေါ့လိုက်တဲ့ စုတ်ချက် ပေါ်ကနေ ပိုပြီးဆေးသားများတဲ့ အနီကိုပဲ ထပ်ဆင့်ရေးဆွဲ ခြင်းဖြင့် ဝေ့ဝိုက်သော/ဖြောင့်သော စုတ်ချက်များဟာ အရပ်ရှစ်မျက်နှာနဲ့ ချိတ်ဆက်နေတယ်။ လှုပ်ရှားမှု Gesture တွေနဲ့ပြည့်နှက်နေတယ်။
ဒါပေမယ့် စုတ်ချက် ဆိုတာကို “ရှိန်” သွားစေလောက်အောင် အကူအညီဖြစ်စေတဲ့ ‘ဆေးသားကွာဟချက်” Pigment Valueကိုတော့မတွေ့ရပါ။ ဒါဟာသုံးစွဲ မီဒီယံ ရဲ့ရလာဒ်ကြောင့်ပါ။ MassTone [Tube ထဲကတိုက်ညှစ်တဲ့ အရောင်စစ်] သုံးစွဲရေးခြယ်ခြင်းဟာ အရောင်အားကောင်းပေမယ့် ဆေးရောင်ရဲ့
ညီမျှတဲ့နု/ရင့် ဧရိယာပေါ်ကို ပဲ ထပ်ခါရေးဆွဲ မိရင် တချို့သောစုတ်ချက်တွေဟာ နှမြောဖွယ်ရာ လေလွင့် နစ်ဝင် သွားနိုင်ပါတယ်။

အနုပညာမှာ ကျွန်တော်တို့ ဘာလုပ်လိုက်မယ်ဆိုတာတွေးဆနိုင်တယ်။စဥ်းစားမိကြတယ်။ တစ်ခါတစ်ရံမှာတော့ တကယ်လုပ်လိုက်မိတာကို မသိလိုက်တာလဲရှိနိုင်တယ်။ ပန်းချီ ( ကို ) အောင်မြင့်ရဲ့ Monkeys’ Peeping( 2015) ဒါမှမဟုတ်လဲ AD ၂၀၂၅- ပြပွဲမှာ ခင်းကျင်း ပြသတဲ့ အခြားသော အနက်ချည်းသက်သက်ကားချပ် တွေရဲ့ စုတ်ချက်အထားအသိုဟာ viewerရဲ့ အာရုံ ကို အပြင်ဘက်လွတ်ထွက်မသွားစေခဲ့ဘူး။ ပန်းချီ(ကို) အောင်မြင့်ရဲ့ အတွင်းသစ္စာတုံ့ပြန်မှု အဟုန် ကိုတွေ့နေရတယ်။ လိုတာထက်ပိုပြီးအနည်းငယ် Raw ဆန်တဲ့ ပိတ်စအောက်ခံ ဟာတစ်ခါတစ်ရံမှာတော့ သူ့ရဲ့ အရှိန်ပါတဲ့ စုတ်ချက် တစ်ချို့ကို ချုပ်ထားပုံပဲ။ အနီ ၊ အနက် ဘာကိုပဲ အသုံးပြုရေးခြယ်သည်ဖြစ်ပါစေ သူဟာအောက်ခံပိတ်စအဖြူသားနဲ့ MassTone ကိုသာ အားထားတာတွေ့ရတယ်။ “အဓိပ္ပါယ်ကြွယ်၀တဲ့အနီ( ၂၀၁၇)” လိုလက်ရာဟာ စီးဆင်းပုံ ရင့်ကျက်လှတယ်။ ဒါပေမယ့် “အနီရောင်ရဲ့ အနက်ကြွယ်မှု” ဆိုတာနှစ်မျိုးရှိနေပါသေးတယ်။ လူ့သမိုင်းတစ်လျှောက် အနီရောင်အပေါ် အမျိုးမျိုး သော အယူအကောက် တွေပေါ်က အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ ဆေးရောင် ဆိုင်ရာဖြာထွက် ကြွယ်၀မှု တို့ဖြစ်တယ်။ အခြား သတိချပ်ရမှာက ပန်းချီဆရာတစ်ဦးအဖို့ သူနှစ်သက်နေမိတဲ့ အရောင်ဟာ အလင်းရောင်အောက်မှာ မှိန်ပျောက်တတ်တဲ့ Fugitive colour ဖြစ်မနေဘို့ပါပဲ။

ပြပွဲထဲက – အခြားကားချပ်တစ်ခုဖြစ် ပန်းချီ(ကို) အောင်မြင့် ရဲ့ အနီပေါ်မှာ အနက် ,Zigzag မျဥ်းဆွဲတည်ဆောက်ပုံဟာ ပန်းချီဆရာ “ဒီ” ရဲ့ အဖြူပေါ်က အနက်မျဥ်း လက်ရာ Zigzagနဲ့ အမျိုးနီးစပ် ပါတယ်။
ပန်းချီ(ကို) အောင်မြင့်ရဲ့ The Flag Of The one’s (၂၀၁၇) လို စက္ကူ /ပိတ်စ တစ်ခုခုပေါ်မှာ တစ်စုံတစ်ခု ရေးခြယ်ပြီး ကင်းဗတ်စ် စပေါ်မှာ ထပ်ကပ်မယ့် ခင်းကျင်းမှု အတွက် Caption ကိုတော့ Acrylic on ……, Mounted on canvas လို့ ရေးထိုးပါကပို၍ ဆီလျော်ပါလိမ့်မယ်။။
+ + + + + + + +
အနုပညာပြပွဲတစ်ခု ရဲ့ ရသ နယ်ပယ်ကို ချဥ်းကပ်ရာမှာ ကြိုတင်မျှော်လင့်ခြင်း၊ အလျင်စလိုဆုံးဖြတ်ခြင်း ၊ သူများတကာ ဆုံးဖြတ်ထားတဲ့ “အဇ္ဇင် ( ism) “နဲ့ ပုဂ္ဂိုလ်ရေး ကြည်ညိုမှု အစွဲ ကင်းစင်မှသာအလုပ်ဖြစ်ပါလိမ့်မယ်။
အနုပညာ စီးကြောင်းဗဟုသုတတွေဟာ လိုအပ်လှတယ်။ သို့ငြားလဲ ဗဟုသုတတွေ ရွတ်ပြနိုင်ခြင်းနဲ့ အနုပညာ ကို “လက်တွေ့” သိခြင်း ဟာ အလွှာခြားထားတယ်။
AD ၂၀၂၅ နှစ်ကိုယ်တော်ပြပွဲ ထဲကပန်းချီဆရာကြီးနှစ်ယောက် ဟာ အဘ်စတြက် အသွင်တည်ဆောက်ပုံကို သူတို့ရဲ့ ဖြတ်သန်းတွေ့ရှိမှုတွေအရ တစ်မျိုးစီ ကိုင်တွယ်ထားကြတယ်။။ အရောင် တွေရဲ့ဖြစ်နိုင်ချေဆိုတာ “အနမတဂ္ဂ”- Un told ရှိသော်ငြားလဲ သူတို့က အရောင်ကို Limited Palette ဆန်ဆန် ပဲ ကန့်သတ်သုံးစွဲကြတယ်။ ဒါဟာ ပန်းချီဆရာတွေရဲ့ ပုဂ္ဂလသဘော အားသန် တဲ့ ရွေးချယ်မှု လဲဖြစ်ပါတယ်။
တစ်ကယ်တော့ လူတစ်ယောက်စီတိုင်းမှာ ရှိတဲ့ မြင်လွှာ (Retina)ထဲက Cone ဆဲလ်အချိုးအစားပါ၀င်မှု အရ အရောင်နဲ့ပါတ်သက်တဲ့ ကိုယ်စားပြု အချက်အလက်တွေကိုတူညီတဲ့နည်းလမ်းနဲ့ ဘာသာပြန်မပေးကြပါဘူး။
ဒါပေမယ့် အရောင်တွေဟာ စိတ်အချေအနေနဲ့အမူအကျင့်ကိုပါ လွှမ်းမိုးပါတယ်။
ဆေးသား အရောင်ညွှန်း( Pigment colour index) နံပါတ် တစ်မျိုးထဲဖြစ်တဲ့ အနက် တစ်မျိုးထဲကို သုံးတာနဲ့ အနက်ရောင် မိသားစုကိုသုံးတာဟာ ကွဲပြားလှတယ်။ အရောင်ညွှန်း နံပါတ်တစ်မျိုးထဲ သုံးခြင်းဟာ အရောင်ဘာသာစကားအရ Mono culture ဖြစ်တယ်ပေါ့။ ဆိုလိုတာက အရမ်းကြီး ရုန်းမထနိုင်ဘူး။ အဖြူ ၊အနက် နဲ့ ဂရေး တွေဟာ “အခရက်ရိုမက်တစ် ( Achromatic )”အမျိုးအစားဖြစ်ပေမယ့် သူတို့မှာလဲ “ဟာဒယ နဲ့ ဝိဥာဏ” ကိုကွဲပြားစွာလှုံ့ဆော် နိုင်တဲ့ နွေးခြင်း/အေးခြင်းတွေရှိတယ်။ ဥပမာ ။ အိုင်ဗရီ အနက် နဲ့ မားစ်အနက်တို့ဟာ ဓါတ်ငွေ့နဲ့ တွင်းထွက်ဆီ တွေကနေထုတ်ယူတဲ့ “Lamp အနက်”ထက်ပိုပြီး နွေးထွေး ပါတယ်။ဥပမာ- အမြင်အားဖြင့် အနက်တစ်မျိုးထဲ လို့ယူဆစရာရှိပေမယ့် “ပီတာဆူလာချ့် Pierre Soulages” ဟာ သူ့လက်ရာတွေထဲ မှာ အနက်အထွေထွေကို အသုံးချ/လှီးဖြတ် သွားတာတာမျိုးပေါ့။
AD ပြပွဲ အတွင်းက Artist နှစ်ယောက်ရဲ့ ကားချပ်တွေမှာ ကျေနပ်ထားတဲ့ ရိုးရှင်းမှု နဲ့ ရင့်ကျက်တဲ့ တုံ့ပြန်မှု တွေကို တွေ့ရှိရတယ်။ ဒါပေမယ့်မတ်တပ်ထရပ်ပြီး “ဦးထုပ်ချွတ်” လောက်တဲ့ နည်းနာနိဿယ ဆိုင်ရာ နက်နဲမှု တွေကို တော့ မတွေ့ရပါ။ ယုံကြည်ဘို့အတွက် လုံလောက်တဲ့ ခွန်အား တွေကတော့ သူတို့ထံမှာ ရှင်သန်နေဆဲ………။
ကောင်းဆု
၁၄-၁-၂၀၂၅
ည ၈:၂၃ မိနစ်