Open Daily 9:30–6:00, Everyday

No. 48, Aung Tun Oo Street, Maw Leik Quarter, Sittwe, Arakan

အရောင်တို့၏ လျှို့ဝှက်ချက်

လူတွေဟာ မနက်အိပ်ရာထကတည်းက မျက်စိနဲ့ မြင်ရတဲ့ အရာတွေကို ကြည့်မိတာပဲ။ မျက်မြင်ကမ္ဘာကြီးရဲ့ လွှမ်းမိုးမှုအောက်က ရုန်းမထွက်နိုင်ဘူး။


မျက်မြင်ကမ္ဘာနဲ့ပဲ အဆက်အသွယ် အစီအမံ လုပ်ကြရတာကိုး။ မျက်စိအောက်က သက်ရှိသက်မဲ့ အရာတွေနဲ့ပဲ ထိတွေ့လုပ်ကိုင်နေကြရတာ သဘာ၀ပဲ။ တခါတလေတော့လည်း မျက်မြင်ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး အတွေးကမ္ဘာထဲ ရောက်သွားတတ်ကြတယ်။ ဒါပေမယ့် ကြာကြာမနေနိုင်ဘူး။ ချက်ချင်းဆိုသလို မျက်မြင်ကမ္ဘာထဲ ပြန်ရောက်လာကြတယ်။ လူတော်တော်များများအဖို့ အတွေးကမ္ဘာထဲမှာ ကြာကြာမနေနိုင်ကြဘူး။


လူတွေဟာ မြင်တဲ့အရာတွေနဲ့ပဲ အလုပ်လုပ်နေကြတာများတယ်။ သိပြီးသား၊ တွေ့ပြီးသားတွေနဲ့ပဲ ကျေနပ်နေကြတာများတယ်။ အရင်လူတွေ တွေ့ထား သိထားတာတွေနဲ့ပဲ ဆင်တူယိုးမှားတွေ လုပ်နေကြတာပဲ။ ဒါတွေနဲ့ပဲ ပျော်နေကြတယ်။ မမြင်ရသေး၊ မတွေ့ရသေးတာတွေကို ရှာဖို့ ၀န်လေးနေကြတယ်။ အမှန်က မသိသေးတာတွေကို သိလာမှ မမြင်သေးတာတွေ မြင်လာရမှ ပိုပျော်ဖို့ ကောင်းတာ။ ကမ္ဘာလှည့်ခရီးသည်တွေ ငွေအကုန်ခံပြီး ကမ္ဘာပတ်ကြတာ မမြင်သေးတာတွေမြင်ဖို့၊ မသိသေးတာတွေ သိဖို့ပေါ့။ ဒါပေမယ့် သူတို့လှည့်ပတ်ကြည့်ရှုတဲ့နေရာတွေဟာ များသောအားဖြင့် ထင်ရှားတဲ့ လူသိများတဲ့ နေရာတွေသာဖြစ်တယ်။ သူတို့နဲ့စာရင် ၀င်ရိုးစွန်းလို လူသိပ်မရောက်သေးတဲ့ နေရာတွေ သွားကြတာက ပိုပြီး စိတ်၀င်စားစရာကောင်းမယ်၊ ပိုပြီး ပျော်ဖို့ကောင်းမယ်။ လူသားတွေအတွက် အကျိုးတစ်စုံတရာဖြစ်နိုင်တယ်။ အာကာသထဲထွက်တာတော့ ပိုပြီး အကျိုးရှိနိုင်တာပေါ့။ အရင်လူတွေ မသိသေးတာတွေ သိလာရတာ ပျော်စရာလည်းကောင်းတယ်၊ အကျိုးလည်း များနိုင်တယ်။ ဒီတော့ မမြင်သေးတာတွေ မြင်ဖို့ တွေ့ဖို့ ခရီးထွက်ရတယ်။ လေ့လာစမ်းသပ်မှုတွေ လုပ်ရတယ်။ တွေးတောဆင်ခြင်မှုတွေ လုပ်ရတယ်။ စဉ်းစားခန်း၀င်ရတယ်။ အတွေးကမ္ဘာထဲကို သွားကြတာပေါ့။ အတွေးကမ္ဘာထဲမှာ အဖိုးတန်တဲ့ ဆန်းကြယ်တဲ့အရာတွေ အများကြီးရှိတယ်။ အက်ဒီဆင်တို့ အိုင်းစတိုင်းတို့ ဝေါ့ဒစ်စနေတို့ ယူခဲ့ကြပြီးပြီ။


လူသားတွေရဲ့ အသိဉာဏ်နဲ့ စိတ်ကူးတွေဟာ အချိန်နဲ့အမျှ တိုးတက်လာနေတာ အမှန်ပဲ။ ၁၈ ရာစုက လူတွေရဲ့ အသိနဲ့ ၁၉ ရာစုက လူတွေရဲ့ အသိတွေဟာ အတော်ပဲ ကွာခြားလာတယ်။ ၁၉ ရာစုထက် ၂၀ ရာစုလူတွေက ပိုပြီး တော်လာကြတယ်။ ၁၉ ရာစုတွေ မတွေ့တာတွေ ၂၀ ရာစုကလူတွေ တွေ့လာကြတယ်။ ၂၀ ရာစုကလူတွေ မတွေ့သေး မသိသေးတာတွေ အများကြီးရှိသေးတာပဲ။ ဒါကို ယုံကြည်လိုက်ပါ။ ဒါကို မယုံကြည်ရင်တော့ ခင်ဗျားဟာ လူထဲက လူတစ်ယောက်၊ သာမန်လူတစ်ယောက်အဖြစ်နဲ့သာ ဘ၀ကို အဆုံးသတ်သွားရပါလိမ့်မယ်။
စွန့်စားမှု၊ စမ်းသပ်မှု၊ တွေးခေါ်ဆင်ခြင်မှုတွေ မလုပ်ဘဲနဲ့တော့ အသစ်ဆိုတာတွေ့မှာမဟုတ်ဘူး။ စွန့်စားမှ၊ စမ်းသပ်မှ အသစ်တွေ့တာ။ ဒါမှ ပျော်စရာကောင်းတာ။ လုပ်ပြီးသားတွေပဲ ထပ်လုပ်နေရတာ ပျင်းစရာကောင်းပါတယ်။ မြင်ပြီးသားတွေပဲ ထပ်မြင်နေရတာ စိတ်ညစ်စရာကြီးပါ။

ဘယ်ပညာရပ်မဆို စမ်းသပ်တီထွင်မှုတွေ လုပ်ဖို့လိုပါတယ်။ ဒါပေမယ့် အရင်လူတွေကလည်း တော်တော်များများ စမ်းသပ်တီထွင်ခဲ့ကြပြီ။ တော်ရုံနဲ့တော့ အသစ်ဖြစ်မှာ မဟုတ်ဘူးဆိုတာ အရင် သဘောပေါက်ထားကြရမယ်။ အရင်လူတွေကလည်း ကမ်းကုန်အောင် တီထွင်ဖန်တီးသွားခဲ့ကြတာ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် သူတို့မသိသေးတာတွေ၊ မလုပ်သေးတာတွေ အများကြီး ကျန်သေးတယ်ဆိုတာတော့ ယုံကြည်ထားပါ။


ပန်းချီကိစ္စမှာလည်း ဒီလိုပဲ၊ တော်တော်လုပ်ခဲ့ကြပြီးပြီ။ ဒါပေမယ့် မကုန်သေးပါဘူး။ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ လုပ်ကြည့်ဖို့ပဲ လိုတယ်။ စမ်းကြည့်ဖို့ပဲ လိုတယ်။ ဘာမှ မလုပ်ဘဲနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဘာတွေဖြစ်လာမလဲ ဘယ်လောက်ထိ ဖြစ်လာမလဲဆိုတာကတော့ ကိုယ့်အစွမ်းပေါ် မူတည်ပါတယ်။ Talent ဆိုတဲ့ ကိုယ်ပိုင်ဉာဏ်၊ Imaginative Mind ဆိုတဲ့ စိတ်ကူးစိတ်သန်း၊ ဒီ ၂ ခုသာ ခင်ဗျား ပိုင်ဆိုင်ထားမယ်ဆိုရင် တစ်ခုခုဖြစ်လာမှာ အမှန်ပဲ။ ဒါကို ယုံကြည်လိုက်ပါ။


အရင်ဆုံး အရောင်တွေနဲ့ အလုပ်လုပ်ကြည့်ရအောင်။ အရောင်တွေနဲ့ ကစားတယ်လို့ သဘောထားလိုက်ပါ။ ဒါမှ လွတ်လပ်ပေါ့ပါးပြီး ပျော်စရာကောင်းပါလိမ့်မယ်။ ပန်းချီဆရာတွေလို အရုပ်တွေ ရေးတတ်ဖို့ မလိုဘူး။ အနုပညာဖြစ်လာဖို့၊ အသစ်ဖြစ်လာဖို့ကတော့ ခင်ဗျားရဲ့ စွမ်းရည်နဲ့ ဆိုင်ပါတယ်။ နားလည်သူများရဲ့ သတ်မှတ်မှုနဲ့ ဆိုင်ပါတယ်။ ဒါက အရောင်တွေနဲ့ ကစားခြင်းသာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ခြင်း၊ ကြည်နူးမှုတို့ကို ရမှာတော့ အမှန်ပဲ။ ဒါဆိုရင် ခင်ဗျားဘ၀မှာ ပျော်ရွှင်စရာအချိန်လေးတွေ ပိုလာတော့မှာပါ။ အနုပညာဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အရောင်တွေက ပျော်ရွှင်မှုတွေပေးမှာ သေချာပါတယ်။ အရောင်တွေဟာ ချစ်စရာကောင်းပါတယ်။ အားလုံးက ရောင်စုံကမ္ဘာကြီးထဲမှာ နေရပြီး အရောင်တွေနဲ့ အမြဲထိတွေ့နေကြရတာမဟုတ်လား။ ဒီလောကမှာ အရောင်ထက်လှတာ ဘာရှိဦးမှာလဲ။


အရောင်တွေနဲ့ ကစားမယ်၊ ပျော်မယ်ဆိုရင် ပထမဆုံး အရောင်တွေကို စုရမယ်။ ရောင်စုံစက္ကူတွေနဲ့ အလုပ်လုပ်ကြရအောင်။ ၁၀”x၁၄” အရွယ် စက္ကူရောင်စုံလိုတယ်။ ဘာရောင်ရယ်လို့ သတ်မှတ်ချက် မရှိပါဘူး။ အရောင်တွေရှိရင်ပြီးတာပဲ။ နောက် ၁ လက်မပတ်လည် လေးထောင့် စက္ကူရောင်စုံလေးတွေလည်း လုပ်ရမယ်။ အရောင်စုံလေ ကောင်းလေပဲ။ ဒါတွေရဖို့အတွက် Drawing Paper တွေကို ဆေးသုတ်လို့ရတယ်။ ရေဆေးအမျိုးအစားပဲ လုပ်သင့်တယ်။ ပိုစတာရောင်စုံနဲ့ အခရိုင်းလစ်ဆေးဆိုရင် ပိုကောင်းတယ်။ ဆေးတွေက စျေးကြီးတယ်၊ ကိုယ့်မြို့ ကိုယ့်ရွာမှာလည်း မရှိနိုင်ဘူးဆိုရင် မဂ္ဂဇင်းစာအုပ်တွေထဲက အရောင်ပါတဲ့ စက္ကူတွေကို ဖြတ်စုလို့ ရတာပဲ။ ၁လက်မပတ်လည် လေးထောင့်လေးတွေ ဖြစ်ရင် ပြီးတာပဲ။ ဒါတင်မကဘူး၊ အ၀တ်စ ပိတ်စတွေနဲ့လည်း လုပ်လို့ရတယ်။ ပိတ်စအရောင်တွေလည်း အလွန်လှတာပဲ။ တချို့ပိတ်စအရောင်တွေဟာ ပန်းချီဆေးတွေနဲ့ စပ်ယူလို့မရတဲ့ အရောင်တွေဖြစ်တယ်။ ပိတ်စအပိုင်းလေးတွေကို အပ်ချုပ်ဆိုင်တွေမှာ အများကြီး ရနိုင်တာပဲ။


၁၀”x၁၄” ရောင်စုံစက္ကူချပ်များနဲ့ ၁ လက်မပတ်လည် ရောင်စုံ လေးထောင့်စက္ကူလေးတွေ ရနိုင်သရွေ့ စုပြီးရင် အလုပ်လုပ်လို့ ရပါပြီ။


လုပ်ရမှာက လွယ်လွယ်လေးပါ။ ၁၀”x၁၄” အရွယ် စက္ကူချပ်ပေါ်ကို ၁ လက်မပတ်လည် လေးထောင့်လေး ၁၀ ခု၊ ၁၅ ခုလောက်ကို ကြဲချလိုက်ဖို့ပါ။ ကြဲလို့ရရင် ကြဲ၊ ပစ်ချချင်ရင် ပစ်ချ။ ဘယ်လိုနည်းနဲ့ချချ ကျချင်တဲ့နေရာ ကျသွားပါစေ။ ကြည့်ကောင်း မကောင်း ဆုံးဖြတ်ပါ။ ကြည့်မကောင်းသေးရင် အားလုံးပြန်ကောက်ယူပြီးထပ်ကြဲချပါ။ အရောင်ပြားလေးတွေ ကျဲတဲ့နေရာကျဲ၊ စိပ်တဲ့နေရာစိပ်၊ ထပ်တဲ့နေရာ ထပ်နေကြလိမ့်မယ်။ ဘယ်နေရာက ကြည့်ကောင်းလဲ စဉ်းစားပါ။ ကြည့်မကောင်းတဲ့နေရာကိုလည်း ဘာကြောင့် ကြည့်မကောင်းတာလဲ စဉ်းစားပါ။ မကြိုက်သေးရင် ပြန်ကောက်ပြီး ထပ်ချကြည့်ပါ။ တချို့နေရာတွေမှာ လက်နဲ့ ရွှေ့လိုက်လည်း ရတာပဲ။ အရေးကြီးတာက အားလုံးကြည့်ကောင်းနေဖို့၊ အဆင်ပြေနေဖို့၊ ၁၀ ခုချရင် အဲဒီ ၁၀ ခုလုံးဟာ ၁၀”x၁၄” အရောင်ပြင်တစ်ခုပေါ်မှာ အဆင်ပြေစွာ ရှိနေကြဖို့ပဲ။ ကိုယ့်စိတ်တိုင်းကျ အဆင်ပြေနေဖို့ဟာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ၁၀ ခုမက၊ ၁၅ ခု၊ အခု ၂၀ လည်း ချကြည့်လို့ရတယ်။ ကြည့်ကောင်းတဲ့ အနေအထားရသည်အထိ လုပ်ကြည့်ပါ။ ပိုနေရင် တချို့ထုတ်ပစ်လိုက်။ လိုနေရင် လိုမယ်ထင်တဲ့နေရာကို ထပ်ဖြည့်လိုက်ပါ။ စိတ်ကြိုက်ရပြီဆိုရင် အဲဒီအနေအထားအတိုင်း ကော်နဲ့ကပ်လိုက်ပါ။ ၁ ခုမက လုပ်ကြည့်ပါ။ ၄ ခု ၅ ခုလောက် လုပ်ပြီးရင် နံရံမှာ ချိတ်လိုက်ပါ။ ဖြစ်ချင်သလိုဖြစ်နေတဲ့ အရောင်လေးတွေရဲ့ အလှကို ခံစားကြည့်ပါ။


အရောင်တွဲလေးတွေကြည့်ပြီး စဉ်းစားခန်း ၀င်လို့ရပါတယ်။ အရောင်လေးတွေ ဘာလို့လှနေတာလဲ။ ဒါထက်ပိုလှအောင် ဘာထပ်လုပ်ရင်ကောင်းမလဲ၊ ဘာရောင်တွေ ထပ်လုပ်လို့ရမလဲ၊ ဘာတွေ ထပ်စမ်းရင် ကောင်းမလဲ။ ဒါမျိုးလေးတွေကို ဘယ်နေရာမှာ အသုံးချရင် ကောင်းမလဲ စသည် စသည်ဖြင့် စဉ်းစားကြည့်ပါ။ Idea တွေ အများကြီး ရလာပါလိမ့်မယ်။


၁ လက်မအရွယ်လေးတွေနဲ့ အတော်လုပ်ပြီးသွားရင် ၂ လက်မပတ်လည်အရွယ်၊ ၃ လက်မပတ်လည် အရွယ်ကြီးတွေလည်း ထပ်ဖြည့်လို့ရတယ်။ အောက်ခံစက္ကူတွေကိုလည်း ကြိုက်တဲ့အရွယ်တွေ လုပ်နိုင်ပါတယ်။ အောက်ခံစက္ကူပေါ်မှာလည်း ၁ ရောင်မက အရောင်အမျိုးမျိုးနဲ့ အကွက်တွေ၊ ဒီဇိုင်းတွေ၊ drawing တွေ ရေးနိုင်ပါသေးတယ်။ အပေါ်ကပစ်ချတဲ့ စက္ကူလေးတွေကိုလည်း အရွယ်အမျိုးမျိုး၊ သဏ္ဌာန်အမျိုးမျိုးပြောင်းပြီး လုပ်ကြည့်နိုင်ပါတယ်။
များများလုပ်ကြည့်ပါ၊ အမျိုးမျိုး ပြောင်းကြည့်ပါ။ ရလာနိုင်တဲ့ အကျိုးတွေက အများကြီးပါ။ လုပ်ရင်း လုပ်ရင်းနဲ့ အရောင်တွေရဲ့ လျှို့ဝှက်တဲ့ သဘောတွေကို ခင်ဗျားသိလာလိမ့်မယ်။ အရောင်တွေနဲ့ ရင်းနှီးလာမှ သိနိုင်တဲ့ကိစ္စပါ။ အလွန် အဖိုးတန်ပါတယ်။ နောက်တစ်ခုက ပန်းချီဆရာတွေအတွက် အလွန်အရေးကြီးတဲ့ Compositional Power အား ကောင်းလာပါလိမ့်မယ်။ Creativity ဆိုတဲ့ ဖန်တီးနိုင်စွမ်းတို့ဟာလည်း တစ်ပြိုင်နက် ဖွံ့ဖြိုးလာမှာ ဧကန်မလွဲပါ။


လုပ်ကြည့်ကြပါ။ ဘယ်ကြိုးစားမှုမှ အလကားဖြစ်မသွားနိုင်ပါဘူး။ ကိုယ်လုပ်ခဲ့တာလေးတွေကို နံရံမှာ ကပ်ပြီး ကြည့်နေရင်း ရလာတဲ့ပီတိဟာလည်း ဘာနဲ့မှ မတူပါဘူး။ လောကမှာ အရောင်ထက်လှတာ ဘာရှိဦးမှာလဲ။ အရောင်ထက် ချစ်စရာကောင်းတာ ဘာရှိဦးမှာလဲ။ အရောင်တွေကို များများကြည့်ပေးပါ။ ကြည့်ရင်း ကြည့်ရင်းနဲ့ အရောင်တွေက ခင်ဗျားကို အတွေးကမ္ဘာထဲ ခေါ်သွားလိမ့်မယ်။ အတွေးကမ္ဘာထဲမှာ ဘာတွေတွေ့မလဲဆိုတာကတော့ ခင်ဗျားရဲ့ အလိုဆန္ဒ၊ ခင်ဗျားရဲ့ စိတ်ကူးနိုင်စွမ်းတွေပေါ်မှာ တည်ပါလိမ့်မယ်။


အတွေးကမ္ဘာထဲက အဖိုးတန်တာတွေယူပြီး ပြန်လာနိုင်ကြပါစေ။

ဝင်းဖေမြင့် (WPM)

.

ယခုဖော်ပြသောဆောင်းပါးသည် ပန်းချီဆရာကြီးဦးဝင်းဖေမြင့်၏ “အရောင်တွေအကြောင်း ပန်းချီကားတွေအကြောင်း” စာအုပ်ထဲမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Add Your Comment

Address

No. 120, (Ground Floor), 51st Street (Middle), Pazontaung Township, Yangon, Myanmar

Contact Us

+95 9 759 477377
info@izanagallery.com

Open Hours

Daily 10:00 am – 5:00 pm
Except Official Public Holidays in Myanmar

Connect with us

Izana Gallery © 2024. All Rights Reserved.