Open Daily 9:30–6:00, Everyday

No. 48, Aung Tun Oo Street, Maw Leik Quarter, Sittwe, Arakan

မော်ဒန်ပန်းချီဆိုတာ. . .

ဒီနေ့ ကျွန်တော်တို့ဆီမှာ Modern ပန်းချီကို စိတ်၀င်စားတဲ့လူတွေ တော်တော်များလာတာတွေ့ရတယ်။ အထူးသဖြင့် လူငယ်တွေများပါတယ်။ ဒါကောင်းတဲ့ လက္ခဏာပဲ။ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကဆိုရင် မော်ဒန်ပန်းချီကို စိတ်၀င်စားတဲ့သူဟာ လက်ချိုးရေလို့ရတယ်။ သူတို့ရေးတဲ့ မော်ဒန်ပန်းချီတွေကိုလည်း အရူးချီးပန်းပန်းချီဆိုပြီး ရှုံ့ချခဲ့ကြတယ်။ အခုတော့လည်း မော်ဒန်ပန်းချီမဟုတ်ရင် လူရာမ၀င်သလို ဖြစ်နေပြန်ပြီ၊။ လူတော်တော်များများဟာ မော်ဒန်မှ မော်ဒန်ဖြစ်နေကြတယ်။ မော်ဒန်ပန်းချီကြိုက်တဲ့ လူတွေ တော်တော်ကိုများလာတာတွေ့ရတယ်။ ပုံစံအမျိုးမျိုးနဲ့ ကြိုက်နေကြတာပဲ။ မော်ဒန်ပန်းချီမှ ခေတ်မီလို့ ကြိုက်တဲ့သူတွေရှိသလို သမားရိုးကျတွေကို ရိုးအီနေလို့ အသစ်အဆန်းဖြစ်လို့ ကြိုက်တဲ့သူလည်းရှိတယ်။ လူရာ၀င်ချင်လို့ ကြိုက်တဲ့လူလည်းရှိတာပဲ။ တချို့လည်း နားလည်လို့တော့မဟုတ်ပါဘူးဗျာ။ စိတ်လွတ်လက်လွတ် ရေးထားတာကို သဘောကျလို့ပါလို့ ပြောတဲ့သူလည်းရှိတယ်။ တချို့ကလည်း ဘာမှန်းမသိလို့ကို ကြိုက်တာဗျ။ ဘာတွေဖြစ်မလဲလို့ တွေးနေရတာကို သဘောကျနေတာလို့ ဆိုတဲ့သူလည်းရှိတယ်။ တခြားမတူတဲ့ ပုံစံတွေနဲ့ ကြိုက်ကြတာလည်း ရှိဦးမှာပဲ။ ကြိုက်သာ ကြိုက်နေကြတယ်။ အမှန်တကယ် နားလည်လို့မဟုတ်သေးဘူး။ အမှန်တကယ် Appreciate လုပ်နိုင်တာ မဟုတ်သေးဘူး။

Artwork of San Min

ဒါပေမဲ့ လူတော်တော်များများကတော့ မော်ဒန်ပန်းချီကားတွေကို မြင်လိုက်တာနဲ့ ဒါ မော်ဒန်ပန်းချီပဲလို့ ချက်ချင်းသိလိုက်တယ်။ ဘာကြောင့် မော်ဒန်ပန်းချီ ဖြစ်နေတာလဲဆိုတာတော့ သိချင်မှသိလိမ့်မယ်။ သဘာ၀ကျအောင်ရေးမထားရင် မော်ဒန်။ အင်ပရက်ရှင်ဆရာတွေထက် ပိုပြီး ကြမ်းကြမ်းတမ်းတမ်းရေးထားရင် မော်ဒန်။ ဘာမှန်းမသိအောင်ရေးထားရင် မော်ဒန်လို့ သဘောပေါက်လိုက်ကြတယ်။ မော်ဒန်ပန်းချီမှန်းတော့သိတယ်။ ဒါပေမဲ့ နားမလည်ဘူး။ နားလည်ဖို့လည်း မကြိုးစားကြဘူး။ မော်ဒန်ပန်းချီဆိုတာ နားလည်ဖို့ မလိုဘူးလို့ လွဲမှားစွာပြောနေတဲ့သူက ပြောနေသေးတယ်။ အင်္ဂလိပ်စာတတ်တဲ့လူ၊ စာဖတ်တဲ့လူ နည်းနည်းလောက်ပဲ မော်ဒန်ပန်းချီကို နားလည်သဘောပေါက်ထားတာတော့ အမှန်ပဲ။

မော်ဒန်ပန်းချီဟာ ၂၀ ရာစု စကတည်းက အရှိန်အဟုန်ပြင်းစွာနဲ့ လှုပ်ရှားပြောင်းလဲနေခဲ့တာ။ အခုထိ အတောမသတ်နိုင်အောင်ပဲ။ မော်ဒန်ပန်းချီဆိုတာ ဘာလဲလို့ တိတိကျကျပြောဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထွေပြားလွန်းလို့ပါပဲ။ အတွေးအမြင်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး၊ လုပ်ဆောင်မှုအမျိုးမျိုး၊ တင်ပြပုံအမျိုးမျိုးတို့နဲ့ မော်ဒန်ပန်းချီ ဖန်တီးနေကြတာကြောင့်ဖြစ်ပါတယ်။ မော်ဒန်ပန်းချီကို တကယ်နားလည်ချင်ရင် စာဖတ်ရပါလိမ့်မယ်။ စာမဖတ်ဘဲနဲ့ မသိနိုင်ပါဘူး။ ဥရောပနဲ့ အမေရိကမှာလည်း မော်ဒန်ပန်းချီကို နားလည်ဖို့၊ Appreciate လုပ်နိုင်ဖို့၊ မော်ဒန်ပန်းချီအကြောင်းရေးထားတဲ့ စာအုပ်တွေဖတ်ရတယ်။ အသံလွှင့်ဟောပြောချက်တွေ နားထောင်ရတယ်။ သင်တန်းတွေတောင်တက်ပြီး လေ့လာသင်ယူရတယ်။ ဘာမှမဖတ်ဘဲ၊ မလေ့လာဘဲ၊ အိမ်မှာထိုင်နေရင်း မော်ဒန်ပန်းချီကို နားမလည်နိုင်ပါဘူး။ မော်ဒန်ပန်းချီဆိုတာ ဘာလဲ၊ မော်ဒန်ပန်းချီကို ဘယ်လိုချဉ်းကပ်မလဲ၊ မော်ဒန်ပန်းချီကားတွေကို ဘယ်လို ကြည်နူးခံစားကြမလဲဆိုတဲ့ စာအုပ်တွေ အများကြီးရှိတယ်။ မော်ဒန်ပန်းချီ အဘိဓာန်စာအုပ်၊ မော်ဒန်ပန်းချီ စွယ်စုံကျမ်း စာအုပ်တွေရှိတယ်။ နားလည်ချင်ရင် ဖတ်ရပါလိမ့်မယ်။ အဲဒါမှ မော်ဒန်ပန်းချီ ဘယ်ကစလဲ၊ ဘယ်သူတွေကစခဲ့လဲ၊ ဘယ်လိုအယူအဆ၊ အတွေးအမြင်တွေနဲ့ စကြတာလဲ၊ တဖြည်းဖြည်း ဘယ်လိုရွေ့လျား ပြောင်းလဲလာလဲ သိလာမယ်။ အဲဒါမှ သူတို့ဖန်တီးမှုတွေကို နားလည်လာမယ်။ သူတို့ဖန်တီးမှုတွေကို နားလည်လာမှ သူတို့ပန်းချီကားတွေက အရသာရှိလာတာ။

Artwork of U Khin Maung (Bank)

ကျွန်တော့်မှာတော့ Haverd Read ရဲ့ The Meaning of Modern Art ဆိုတာရှိတယ်။ အကြိမ်ကြိမ်ဖတ်ရတယ်။ အကုန်နားမလည်ဘူးအတော်အတန်ဘဲ နားလည်နိုင်တယ်။ ကျွန်တော်တို့ဆီမှာ အင်္ဂလိပ်လိုမဖတ်နိုင်တဲ့ လူတွေအတွက် ဆရာဇော်ဇော်အောင်၊ ဒေါက်တာအောင်မင်း၊ နရီမင်း၊ ကြီးမြင့်စော၊ ခင်အောင်မြင့် စတဲ့ ဆရာတွေက မော်ဒန်ပန်းချီအကြောင်း စာတွေရေးပေးထားပါတယ်။ အဲဒီစာတွေကို ဖတ်ရပါမယ်။ ဒါမှ Hofmann က Abstract ပန်းချီကို ဘာသဘောနဲ့ ရေးဆွဲသွားတာလဲ။ Josef Albers က ဘာကြောင့် လေးထောင့်ကွက်လေးတွေနဲ့ အရောင် ၄ ရောင်ကိုပဲ သုံးသွားတာလဲ။ Mondrian က ဘာကြောင့် စတုရန်းကွက်ထဲမှာ မျဉ်းကြောင်းအနက်တွေဆွဲပြီး ဝါနီပြာ ၃ ကွက်ကို ဆေးချယ်တာလဲ။ Pollock က ဘာကြောင့် ဆေးတွေကို လောင်းပက်ဖြန်းရတာလဲ။ Klein က ဘာကြောင့်အပြာရောင် တမျိုးတည်းနဲ့ ပန်းချီကားတွေ ဖန်တီးသွားတာလဲဆိုတာတွေသိလာမယ်။ အဲဒီလို သိလာမှ သူတို့ပန်းချီကားတွေ ပိုပြီး အရသာရှိလာတာ။ ဖန်တီးသူရဲ့ ကျေနပ်မှု ပီတိတွေ ကြည့်တဲ့သူဆီကို စီး၀င်လာတာ။ အဲဒါတွေမှ သိမထားရင် မော်ဒန်ပန်းချီကို တုံ့ပြန်နိုင်မှုဟာ အပေါ်ယံမျှသာဖြစ်လိမ့်မယ်။ မော်ဒန် ပန်းချီကို သဘောပေါက်နားလည်မှုဟာ သဘောမျှသာ ဖြစ်လိမ့်မယ်။ နွေရာသီလောက်ဘဲ ပုဂံကို ရောက်ဖူးသူလို ဖြစ်နေလိမ့်မယ်။

တချို့ကလည်း မော်ဒန်ပန်းချီကို လက်မခံနိုင်ပါဘူး။ မကြိုက်တတ်ပါဘူး။ ဒီလိုလူတွေလည်း အများကြီးရှိတာပဲ။ မော်ဒန်ပန်းချီ မကြိုက်တတ်တဲ့လူအားလုံးဟာလည်း အနုပညာဆိုတာ ဘာလဲဆိုတော့ တကယ်မသိနိုင်သေးတဲ့လူတွေပဲ။ ဒါအမှန်ပဲ။ Art ကို တကယ် Appericiate လုပ်နိုင်တဲ့လူတွေဟာ မော်ဒန်ပန်းချီကိုလည်း လက်ခံနှစ်သက်ကြပါတယ်။ အနုပညာရဲ့သဘောကို တကယ်နားလည်သွားတဲ့လူဟာ ဝါဒစွဲမရှိတော့ပါဘူး။ အနုပညာဆန်တဲ့ ဘယ်ဖန်တီးမှုမဆို လက်ခံနှစ်သက်နိုင်ပါလိမ့်မယ်။

ကျွန်တော်တို့ဆီမှာ မော်ဒန်ပန်းချီကို လူတိုင်းလက်မခံနိုင်ပေမဲ့ Realism ဆိုတဲ့ သရုပ်မှန်ပန်းချီကိုတော့ လူတိုင်း လက်ခံတတ်ကြတယ်။

Romanticism ဆိုတဲ့ စိတ်ကူးယဉ်၀ါဒကိုလည်း နှစ်သက်တတ်ကြတယ်။ ဒါပေမဲ့ အင်ပရက်ရှင်လွန်ဆရာတွေဖြစ်တဲ့ Cezanne, Gauguin နဲ့ Van Gogh တို့ရဲ့ လက်ရာတွေကျတော့ လူတိုင်းသဘောကျဖို့ ခက်ခဲပါတယ်။ အမှန်က အဲဒီ ၃ ယောက်က မော်ဒန်ပန်းချီရဲ့အစဘဲ။ အရှေ့တိုင်းဟန်နဲ့ အယူအဆကို အမိအရ ဖမ်းယူရေးဆွဲတဲ့ Gauguin ရဲ့လက်ရာတွေကို သဘောကျဘို့၀န်လေးနေတယ်။ Cezanne ရဲ့ ရုပ်၀တ္ထုတွေရဲ့ အပေါ်ယံအမြင်ထက် အတွင်းသဘောတွေ ပါအောင်ရေးဆွဲတဲ့ ပန်းချီကားတွေကိုလည်း ကြည့်သာကြည့်တယ်။ မသိတဲ့လူက အများကြီးပါပဲ။ လူတွေဟာများသောအားဖြင့် အပေါ်ယံအဖြစ်အပျက်ကိုသာ ကြည့်တတ်၊ မြင်တတ်လေ့ရှိတယ်။

Vincent Van Gogh ရဲ့ပန်းချီကားတွေကိုလည်း တကယ်ကြိုက်တာ၊ တကယ်နားလည်တာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ကမ္ဘာကျော်ပန်းချီဆရာကြီးဖြစ်လို့ လောလောဆယ် သူ့ပန်းချီကားတွေက စျေးအကြီးဆုံးဖြစ်နေ ရောယောင်ပြီး လိုက်ကြိုက်တဲ့လူက များပါလိမ့်မယ်။ မော်ဒန်ပန်းချီရဲ့အစဖြစ်တဲ့ ဒီ ၃ ယောက်ရဲ့လက်ရာတွေကိုမှ တကယ်မကြိုက်တတ်၊ နားမလည်တတ်ရင် ရှေ့ဆက်ဖြစ်တဲ့ မော်ဒန်ပန်းချီတွေကို တကယ်နားလည် သဘောပေါက်ဖို့ ခက်ပါတယ်။

Artwork of Jackson Pollock

ကျွန်တော်တို့ဆီက ပန်းချီဆရာတွေ Abstract တွေရေးကြတယ်။ Non-objective တွေရေးကြတယ်။ စက္ကူတွေကပ်၊ ပစ္စည်းတွေကပ်ကြတယ်။ တချို့ ဆေးတွေလောင်းကြတယ်။ တချို့လည်း စုတ်ချက်ကြီးတွေနဲ့ ဝုန်းဒိုင်းကြဲကြတယ်။ အသစ်ဆိုပြီးလုပ်ကြတာတော့ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင် Concept မရှိကြဘူး။ ကိုယ့် Concept မရှိဘဲလုပ်နေတာ ကိုယ့်ဟာမဟုတ်ဘူး။ အမှန်က ကိုယ့် Concept နဲ့ ကိုယ်လုပ်ကြရမှာ။ ပန်းချီသမိုင်းကို ပြန်ကြည့်ရင် မိုးနေးတို့ အင်ပရက်ရှင်ဆရာတွေ မတိုင်မီ Neo-classic ခေတ်အထိ ပန်းချီမှာ Concept ဟာ အဓိက မကျဘူး။

Coubet လက်ထက်ကျမှ Concept က အရေးပါလာတာ။ Coubet က ပန်းချီဆရာဟာ သူ မမြင်ဖူးတဲ့ ဘုရားတွေ၊ နတ်တွေ၊ နတ်သမီးတွေရေးနေတာ အဓိပ္ပါယ်မရှိဘူး။ ကိုယ်တကယ် ထိတွေ့ခံစားရတဲ့ ကိုယ့် ပတ်၀န်းကျင်ကိုပဲ ရေးသင့်တယ်ဆိုတဲ့ Concept ကို ဖော်ထုတ်တယ်။ အင်ပရက်ရှင်ဆရာတွေကျတော့ ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ မျက်မြင် သဘာဝကြီးကို သူတို့လို အရောင်တွေ၊ စုတ်ချက်တွေနဲ့ ရေးမှ မှန်ကန်တယ်ဆိုတဲ့ Concept ဖြစ်လာတယ်။ Van Gogh, Valaminck နဲ့ Nolde တို့လို အင်ပရက်ရှင်ဆရာတွေကလည်း ခံစားစိတ်နဲ့မြင်၊ ခံစားစိတ်နဲ့ရေးဆွဲမှ အနုပညာပီသတယ်ဆိုတဲ့ Concept နဲ့ လုပ်ကြပြန်တယ်။ Kandinsky ကျတော့လည်း မျက်မြင်လောကထဲက ရုပ်၀တ္ထုပစ္စည်းတွေကို သရုပ်ဖော်ဖို့ အဓိကမကျဘူး။ စိတ်အာရုံထဲမှာမြင်သလို ရေးဆွဲမှသာ ပိုပြီးလွတ်လပ် မှန်ကန်တယ်လို့ ဆိုပြန်တယ်။ Pollock ကလည်း ခံစားမှုနဲ့ ရေးဆွဲတယ်ဆိုပေမဲ့ လက်ကလေးလှုပ်ရုံနဲ့ မလုံလောက်ဘူး။ ခံစားစိတ်က တကိုယ်လုံးကို ပြန့်နှံ့သွားတဲ့အတွက် တစ်ကိုယ်လုံးရဲ့ လှုပ်ရှားမှုနဲ့ဖန်တီးမှသာ ပိုပြီးမှန်ကန်တယ်လို့ ယူဆပြန်တယ်။ အားလုံးဟာ ကိုယ့် Concept နဲ့ကိုယ်ဖန်တီးသွားကြတာဖြစ်တယ်။ Richter နဲ့ Clemente တို့လည်း ကိုယ့်အယူအဆနဲ့ကိုယ် ရေးဆွဲဖန်တီးနေကြတာပဲ။ သူတို့ အယူအဆနဲ့ ပတ်သက်ပြီး စကားတွေအများကြီးပြောကြတယ်။ မေးသရွေ့ ဖြေကြတယ်။ ဘာ Concept မှမရှိဘဲ လုပ်နေတာကတော့ အပေါ်ယံပဲဖြစ်လိမ့်မယ်။ ကြည့်တဲ့သူတွေအနေနဲ့လည်း ပန်းချီဆရာရဲ့ Concept ကို သိအောင် လုပ်သင့်တယ်။ ပန်းချီဆရာရဲ့ အယူအဆတွေဟာ ဘာလဲသိရမယ်။ သူ့အယူအဆ၊ သူ့ပြောစကားတွေနဲ့ သူ့ပန်းချီကားနဲ့ ကိုက်ညီရဲ့လား ယှဉ်ကြည့်ရမယ်။

ဒီ Concept ဘယ်လိုရရှိလာသလဲ။ ပန်းချီဆရာ ဘယ်မှာမွေး၊ ဘယ်မှာကြီးသလဲ။ ဘယ်ကျောင်းတွေတက်သလဲ။ ဘယ်ဆရာကြီးတွေဆီမှာ သင်ယူသလဲ။ သူ့ပတ်၀န်းကျင်က ဘယ်လိုအနေအထားတွေလဲ။ သူ့ စိတ် ဆန္ဒတွေက ဘာတွေလဲ။ သူ့အတွေးအာရုံတွေမှာ ဘာတွေလွှမ်းမိုးနေလဲ။ ဘာတွေက ပန်းချီကားတွေရေးဖြစ်ဖို့ စေ့ဆော်နေသလဲ။ ဘယ်ဆရာတွေရဲ့ သြဇာတွေ သက်ရောက်နေသလဲ။ ဘယ်အချိန်မှာ ဒီ သြဇာတွေက ကင်းလွတ်သွားသလဲ စသည်ဖြင့် သိအောင်လုပ်ရမယ်။ မေးရမယ်။ ဖတ်ရမယ်။ အဲဒီတော့မှ သူ့စကားတွေနဲ့ သူ့ပန်းချီတွေနဲ့ ကိုက်ညီရဲ့လား ချိန်ဆနိုင်မှာ။ သူစကားတွေ ဘယ်လောက်လေးနက်လဲ လေ့လာနိုင်မှာ။ သူ့အယူအဆတွေက ဘယ်လောက်ထူးခြားလဲ စဉ်းစားနိုင်မှာ။ ဒါမှ သူဘယ်လိုပန်းချီဆရာလဲ ခွဲခြားနိုင်မှာဖြစ်တယ်။ ဘယ်လိုပန်းချီဆရာလဲသိလိုက်ရင် သူ့ပန်းချီကားတွေက လွှင့်ပစ်ရလောက်အောင် တန်ဖိုးမဲ့ချင်မဲ့သွားနိုင်တယ်။ သမိုင်းတင်ရလောက်အောင် တန်ဖိုးတက်ချင်လည်း တက်သွားနိုင်တယ်။

Barnett Newman’s Artwork

အနုပညာဆိုတာ လောကကြီးကို အာရုံငါးပါးနဲ့ခံစားပြီးထူးခြားမှုတစ်ခုခုနဲ့ ပြန်ပြောလိုက်တာပဲ။ သူ့ခေတ်၊ သူ့အချိန်နဲ့ ထူးခြားမှုတော့ရှိရလိမ့်မယ်။ နောက်ပြီး အနုပညာဆိုတာ သိပ္ပံလို၊ သချာင်္လို မဟုတ်ဘူး။ တိကျတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေမရှိဘူး။ ထွေပြား​​​​ဝေ၀ါးတဲ့ သဘော သဘာဝတွေရှိတယ်။ ဒါကြောင့် ငြင်းခုန်နိုင်တယ်။ စောဒကတက်နိုင်တယ်။ လွတ်လပ်စွာကြိုက်ခွင့်၊ မကြိုက်ခွင့်ရှိတယ်။ အနုပညာဖြစ်မှု၊ မဖြစ်မှုတွေမှာလည်း ခုထိ ငြင်းခုံနေကြတာဘဲ။ ဟိုတုန်းကလည်း Van Gogh နဲ့ Gauguin တို့ အနုပညာ အယူအဆအတွက် ရန်ဖြစ်ခဲ့ကြတာပဲ။ Chagall နဲ့ Malevich တို့လည်းအနုပညာ အယူအဆအတွက် ပြင်းပြင်းထန်ထန်ငြင်းခုံပြီး တသက်လုံး အခေါ်အပြော မလုပ်ကြတော့ဘူး။ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပဲ။ ကိုယ့်အယူအဆကိုတော့ ကိုယ်ယုံကြည်ဖို့ လိုအပ်တယ်။ မလွဲမသွေ လိုအပ်ပါတယ်။

တယောက်ရဲ့အယူအဆကို ကြိုက်သူရှိသလို မကြိုက်သူလည်းရှိမှာပဲ။ သဘောတူသူရှိသလို မတူနိုင်သူတွေလည်း ရှိကြမှာပဲ။ လူတွေဟာ နိုင်ငံအလိုက် လူမျိုးအလိုက် အကြိုက်နဲ့ အစွဲအလမ်းတွေ ခြားနားကြသလို အသိဉာဏ်၊ ဗဟုသုတနဲ့ အတွေ့အကြုံတွေလည်း မတူကွဲပြားနေကြတာပဲ။ လိုအင်ဆန္ဒနဲ့ မွတ်သိပ်မှုတွေဟာလည်း အချိန်ကာလအလိုက် ပြောင်းလဲဖြစ်ပေါ်နေကြတာအမှန်ပဲ။ ဒီတော့ မော်ဒန်ပန်းချီဆရာတို့ရဲ့ ဖန်တီးမှုတွေဟာလည်း အမျိုးမျိုး အထွေထွေ ဖြစ်နေကြတာဟာ သဘာ၀ပါပဲ။

ဒါကြောင့် မော်ဒန်ပန်းချီဆိုတာ အချိန်ကာလအလိုက် မတူတဲ့အမြင်၊ မတူတဲ့အတွေး၊ မတူတဲ့ယုံကြည်မှုများနဲ့ဖန်တီးခဲ့တဲ့ မတူတဲ့အနုပညာပုံစံများလို့ သဘောပေါက်လိုက်ရင် ခင်ဗျားဟာ မော်ဒန်ပန်းချီများနဲ့ တော်တော်နီးစပ်ပါပြီလို့ ဆိုလိုက်ပါရစေ။

၀င်းဖေမြင့်

Bougainvillea – House of Arts

Add Your Comment

Address

No. 120, (Ground Floor), 51st Street (Middle), Pazontaung Township, Yangon, Myanmar

Contact Us

+95 9 759 477377
info@izanagallery.com

Open Hours

Daily 10:00 am – 5:00 pm
Except Official Public Holidays in Myanmar

Connect with us

Izana Gallery © 2024. All Rights Reserved.