ပန်းချီဆရာတွေဟာ အရောင်တွေ အမြဲသုံးနေရတယ်။ ကိုယ့်ပန်းချီကားထဲက အရောင်တွေ အသက်ဝင်ချင်ကြတယ်။ အရောင်လှတဲ့ ပန်းချီကားတွေ ရေးချင်ကြတယ်။ အရောင်ကောင်းတဲ့ ပန်းချီဆရာလည်း ဖြစ်ချင်ကြတယ်။ ဖြစ်ချင်တဲ့စိတ် ရှိရုံနဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဖြစ်အောင်လုပ်မှ ဖြစ်လာမှာ။ ဖြစ်အောင် ဘာလုပ်ရမလဲဆိုတော့ အရောင်တွေအကြောင်း သိအောင်လုပ်ရမှာပဲ။ အရောင်တွေအကြောင်း သိလာမှ အရောင်ကောင်းတဲ့ ပန်းချီကားတွေ ရေးနိုင်မှာ။ ငယ်ငယ်ကတည်းက Color Sensation ကောင်းတဲ့လူဆိုရင်တော့ အရောင်ကောင်းတဲ့ ပန်းချီကားတွေ ရေးနိုင်လိမ့်မယ်။ ဒါမှမဟုတ် Color Sensation ကောင်းအောင် လေ့ကျင့်ရလိမ့်မယ်။ အရောင်တို့ရဲ့ လျှို့ဝှက်ချက်မှာ လေ့ကျင့်နည်းတချို့ ပြောပြထားပါတယ်။ ကမ္ဘာကျော် ပန်းချီဆရာကြီးတွေလည်း အရောင်ကောင်းတဲ့ပန်းချီဆရာ အလိုလို ဖြစ်မလာဘူး။ လေ့လာယူရတာ။ Gauguin, Vangogh, Derain, Kirchner, Nolde, Bonnard, Heckel, Delaunay, Hofmann, Kandinsky စတဲ့ ပန်းချီဆရာကြီးတွေဟာ အရောင်နောက် အရူးအမူး လိုက်ခဲ့ကြတာ။ လေ့လာမှုတွေ၊ စမ်းသပ်မှုတွေ၊ ဆင်ခြင်တွေးတောမှုတွေ၊ ဝေဖန်ပိုင်းခြားမှုတွေ အများကြီးလုပ်ခဲ့ကြတာ။ တော်ရုံတန်ရုံ လိုက်စားရုံနဲ့တော့ တော်ရုံတန်ရုံလောက်ပဲ ဖြစ်လာလိမ့်မယ်။
အရောင်ကောင်းတဲ့ ပန်းချီကားဆိုတာ ဘာလဲ။ အရောင်ပြင်းပြင်းတွေသုံးမှ အရောင်ကောင်းတယ်ခေါ်မလား။ ဂရေးအရောင်လေးတွေနဲ့ ရေးတော့ကော အရောင်ကောင်းတဲ့ပန်းချီကား မဖြစ်နိုင်ဘူးလားလို့ မေးစရာရှိတယ်။ အရောင်ကောင်းတဲ့ ပန်းချီကားဆိုတာ အရောင်တွေ အလုပ်လုပ်နေတဲ့ ပန်းချီကားကို ပြောတာ။ အရောင်တွေ အသက်ဝင်နေတဲ့ ပန်းချီကားကို ပြောတာ။ ဂရေးအရောင် ဖြစ်တာမဖြစ်တာနဲ့ မဆိုင်ဘူး။ အရောင်ပြင်းတာ မပြင်းတာနဲ့ မဆိုင်ဘူး။ အရောင်ပြင်းပြင်းတွေချည်း ဖြစ်ချင်ဖြစ်မယ်။ ဂရေးနဲ့ အရောင်ပြင်းပြင်းတွေ ရောပါချင်ပါနေမယ်။ အဓိကကတော့ ပန်းချီကားထဲက အရောင်တွေဟာ အသက်ဝင်ပြီး အရသာရှိနေဖို့ပဲ။ အရုပ်တွေ အသက်ဝင်နေတာကို ပြောတာမဟုတ်ဘူး။
အရောင်တွေ အသက်ဝင်ဖို့ ဘာတွေသိထားရမလဲဆိုတော့ ပထမဆုံး သိထားရမှာက ကိုယ့်ပန်းချီကားထဲမှာ အရောင်နှစ်ရောင်ပါရင် အဲဒီအရောင်နှစ်ရောင်ရဲ့ ဧရိယာစုစုပေါင်းဟာ တစ်ဝက်စီရှိနေရင် ကြည့်မကောင်းနိုင်ဘူး။ ဘာအရောင်နှစ်ရောင်ပဲဖြစ်ဖြစ် ဧရိယာတူနေရင် ကြည့်မကောင်းတာ အမှန်ပဲ။ အနီနဲ့ အစိမ်းပါနေရင် ဧရိယာတွေဟာ ၅၀%စီ ဖြစ်နေတာထက် အရောင်တစ်ရောင်ကို ပိုကျယ်ပြီး ကျန်တစ်ရောင်ကို ကျဉ်းရလိမ့်မယ်။ အနီ ၂၀%၊ အစိမ်း ၈၀%ရှိရင် ကြည့်ကောင်းသွားပြီ။ ဒီနေရာမှာ Chorma တွေ Temperature တွေ မစဉ်းစားသေးဘူး။ အရိုးရှင်းဆုံး Hue နှစ်ခုကစပြီး စဉ်းစားတာ။ Hue သုံးခု ဖြစ်လာပြီဆိုရင် (ဥပမာ- အနီ၊ အစိမ်း၊ အပြာ ဆိုပါတော့) ဒီသုံးရောင် ပေါင်းစပ်ပြီဆိုရင် ဘယ်အရောင် ဘယ်ရာခိုင်နှုန်းထားရမလဲ အရင်စဉ်းစားရမယ်။ ဒီအချိုးမှန်မှ အရုပ်တွေ ရေးသင့်တယ်။ ရေးပြီဆိုရင် အရောင်ဖြည့်တဲ့အခါ ဒီအချိုးအတိုင်း ဖြည့်ရမှာပဲ။ ဒါမှ လှမယ်။ ပိုကြည့်ကောင်းမယ်။ အရောင်တွေ အရသာရှိမယ်။ အနီ၊ အစိမ်း၊ အပြာ သုံးရောင်ပေါင်းစပ်ရင် အစိမ်းဧရိယာနည်းမလား၊ အနီဧရိယာနည်းမလား၊ အပြာဧရိယာနည်းမလား၊ ဘယ်ဧရိယာ အနည်းဆုံးထားနိုင်လဲ အရင်စဉ်းစားပေါ့။ အစိမ်းများပြီး အနီနည်းခွင့် ရှိမယ်ဆိုရင် အနီ ၁၅%၊ အစိမ်း ၆၀%၊ အပြာ ၂၅%ဆိုရင် လှလိမ့်မယ်။ ဒီနေရာမှာ အစိမ်းနဲ့ အပြာကို မိတ်ဖက်လုပ်လိုက်ရင် ရမယ်။ ဒါကြောင့် အပြာဟာ စိမ်းပြာဆန်ရလိမ့်မယ်။ အပြာထဲ အစိမ်းနည်းနည်းထည့်ပေးရမယ်။ ဒီလိုမလုပ်ရင် (၃) ရောင်ပြိုင်နိုင်တယ်။ အပြာနဲ့ အစိမ်းကို ရောလိုက်မှ အနီဟာ ပိုပြီး အသက်ဝင်နေလိမ့်မယ်။ ဒါဟာ အရောင်တွေ ပေါင်းစပ်မှုအတွက် သိထားရမယ့် အခြေခံအကျဆုံး အချက်ဖြစ်တယ်။ အခြားသော အရောင် (၃) ရောင်များကိုလည်း ဒီနည်းနဲ့ ပေါင်းစပ်ကြည့်ကြပါ။
နောက်ထပ် (၃) ရောင် စဉ်းစားကြမယ်။ လိမ္မော်၊ အပြာ၊ ခရမ်းဆိုပါတော့ လိမ္မော် ဧရိယာ နည်းခွင့်ရှိရင် (၁၀%) ထားလိုက်ပါ။ အပြာက (၆၀%)၊ ခရမ်းက (၃၀%) ပေါ့။ ဒီနေရာမှာ ခရမ်းဟာ အပြာနဲ့ ဟာမိုနီ လုပ်ရလိမ့်မယ်။ အပြာနဲ့ ပူးပေါင်းစေသင့်တယ်။ ဒါကြောင့် ခရမ်းပြာဆန်တဲ့ ခရမ်းဖြစ်ရမယ်။ ခရမ်းနီဆန်တဲ့ ခရမ်းဆိုရင်၊ ပူတဲ့ခရမ်းဆိုရင် သိပ်မလှနိုင်ဘူး။ အေးတဲ့ခရမ်းမှ အပြာနဲ့ပေါင်းပြီး လိမ္မော်ကို အသက်ဝင်အောင် လုပ်ပေးနေလိမ့်မယ်။
Color Scheme လုပ်တယ်ဆိုတာ ဒီကစပြီး စဉ်းစားရတာ။ ဒီလိုအချိုးပြီးမှ အရုပ်တွေ ရေးရမှာ။ Composition လုပ်ရမှာ။ ပန်းအိုးတစ်အိုး ရေးမိတယ်။ ပန်းက အဝါ၊ အိုးက အနီ၊ နောက်ခံကအပြာ၊ ဧရိယာတွေကလည်း (၃) ရောင်လုံး မတိမ်းမယိမ်း။ သိပ်မကွာလှဘူး။ ဧရိယာအချိုးတွေလည်း မပြောင်းချင်ဘူး။ ကြည့်လို့ကလည်း မကောင်းသေးဘူး။ အဝါ၊ အနီ၊ အပြာ (၃) ရောင်ပြိုင်နေတယ်။ ဘယ်လိုမှ ကြည့်မကောင်းဘူး။ အထည်ဒီဇိုင်းဆိုရင်တော့ လက်ခံနိုင်သေးတယ်။ ပန်းချီကားဆိုရင်တော့ မရဘူး။ ဒီတော့ ဘာလုပ်ရမလဲ။ ဧရိယာတွေ မပြောင်းချင်ဘူးဆိုရင်တော့ အရောင်တွေ ပြောင်းလဲရလိမ့်မယ်။ ပန်းအဝါ ထင်ရှားစေချင်ရင် အိုးနဲ့ နောက်ခံ ရောပစ်ရမယ်။ အနီနဲ့ အပြာ ပြေအောင် လုပ်ရတော့မယ်။ အပြာကိုလည်း အနီဘက်ယိုင်တဲ့ အပြာလုပ်ရမယ်။ အနီကိုလည်း အပြာဘက်ယိုင်တဲ့အနီ လုပ်ရတော့မယ်။ ဒီတော့ နောက်ခံက ခရမ်းပြာပြာ၊ ပန်းအိုးက ခရမ်းနီနီ၊ ဒါဆိုရင် နှစ်ရောင် ပြေရောသွားမယ်။ ပန်းကထင်ရှားလာမယ်။ ဒါပေမယ့် သိပ် အဆင်မပြေသေးဘူး။ ပန်းက Tone အနု၊ အိုးက Tone အလတ်၊ နောက်ခံက Tone အရင့်ဖြစ်နေတယ်။ Tone (၃) ခု ဧရိယာပြိုင်နေတယ်။ ဒီတော့ ပန်းအိုး Tone ကို ရင့်ပေးရတော့မယ်။ ဒါမှ နောက်ခံနဲ့ ပိုပြီး ပြေပြစ်သွားမယ်။ ဒီအခါ ပန်းအဝါက ပိုပြီး ထင်ရှားလှပ အသက်ဝင်လာမယ်။ ဒါ အရောင် (၃) ရောင် ကြည့်ကောင်းအောင်လုပ်တဲ့ နမူနာတစ်ခုပဲ။ အခြား အရောင် (၃) ရောင်များကိုလည်း ဒီနည်းနဲ့ ကြည့်ကောင်းအောင် လုပ်ကြည့်နိုင်တယ်။ များများလုပ်ကြည့်လေ များများသိလေပဲ။ များများ သိတဲ့သူက သူများထက် ပိုတော်မှာအမှန်ပဲ။ များများလုပ်ကြည့်ကြပါ။
တစ်ခါတလေ ပန်းချီကားထဲက နေရာတစ်ခုဟာ အရောင်တွေ ငြိမ်နေ သေနေတတ်တယ်။ ဥပမာ- သစ်ပင်အုပ်တစ်အုပ်ပါတဲ့ ရှုခင်းရေးမယ်။ အဲဒီသစ်ပင်အုပ်ပါတဲ့ ရှုခင်းရေးမယ်။ အဲဒီသစ်ပင်အုပ်မှာ အစိမ်းတွေ အများကြီးပါတယ်။ အစုံပဲ။ အစိမ်းအမျိုးမျိုးပါနေပေမယ့် ကြည့်ရတာ အသက်မဝင်သလိုပဲ။ ဒါဆိုရင် အစိမ်းတွေများပြီး အီနေတာဖြစ်နိုင်တယ်။ ဒီလိုအခါမျိုးမှာ အဲဒီအစိမ်းတွေထဲမှာ အနီရောင်တချို့ကို အစိမ်းရဲ့ အမှောင်ပိုင်းတွေထဲမှာ ဟိုဟိုဒီဒီ တို့ခတ်ကြည့်လိုက်ပါ။ အစိမ်းရောင်တွေအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားလိမ့်မယ်။ အနီတွေ သိပ်မများစေဖို့တော့ သတိထားရမယ်။ ဒါဟာ အစိမ်းတွေ အမျိုးမျိုးများပြီး ငြီးငွေ့စရာ ဖြစ်နေလို့ပဲ။ ဒီလိုပဲ အပြာတွေများပြီး ငြီးငွေ့စရာဖြစ်နေရင် လိမ္မော် အဝါတွေများပြီး ငြီးငွေ့စရာဖြစ်နေရင် ခရမ်း စတဲ့ ဆန့်ကျင်ဘက်အရောင်တွေ ထည့်ပေးနိုင်တယ်။
တစ်ခါတရံမှာ အေးတဲ့ရှုခင်းရေးတာ မအေးဘူး ဖြစ်နေတတ်တယ်။ အေးတဲ့အရောင်တွေတော့ အမျိုးမျိုး ထည့်ရေးတာပဲ။ အေးတဲ့ အရောင်တွေချည်းပဲ ရေးပေမယ့် မအေးဘူးလို့ ခံစားနေရတယ်။ အဲဒါ အပူရောင် လုံးဝ မပါလို့ပဲ။ ဘယ်လောက်အေးတဲ့ အရောင်တွေနဲ့ပဲရေးရေး အပူရောင်နည်းနည်းမှ မမြင်ရဘဲနဲ့ အေးမှာ မဟုတ်ဘူး။ အပူရောင် နည်းနည်း ထည့်ရေးပြလိုက်မှ အပူရောင်ကြည့်ပြီး ကျန်တဲ့အရောင်တွေက အေးသွားမှာပေါ့။ ဒါက အရောင်တို့ရဲ့ အပူချိန်နဲ့ဆိုင်တဲ့ အသက်ဝင်မှုပဲ။
ဒီဇိုင်းပဲဖြစ်ဖြစ်၊ ပန်းချီပဲဖြစ်ဖြစ် အရောင်တွေ စုံနေရုံနဲ့ အသက်မဝင်နိုင်သေးဘူး။ ပါ၀င်တဲ့ အရောင်တွေရဲ့ အချိုးအစား၊ အသွေးအနုအရင့်၊ ပြင်းအားနဲ့ အပူချိန် စတဲ့ အရည်အသွေးတွေနဲ့ အသက်ဝင် လှုပ်ရှားစေရမယ်။
နောက်တစ်ခုက နေရောင်တို့၊ အလင်းရောင်တို့ ရေးကြတဲ့အခါ ခရမ်းရောင်ရဲ့ အရေးပါမှုကို သတိထားသင့်တယ်။ Indoor ရေးတဲ့အခါ အညိုရောင်ဟာ အဓိကကျသလို Outdoor ကျတဲ့အခါ ခရမ်းရောင်ဟာ အဓိကပဲ။ သူမပါဘဲနဲ့ နေပူလို့ မရဘူး။ အလင်းအမှောင် အရောင်တွေဟာ သူမပါဘဲ အသက်မဝင်နိုင်ဘူး။ အမှောင်နဲ့ အရိပ်တွေဟာ ခရမ်းနဲ့ရေးမှ အရောင်ရဲ့ အရသာ၊ အရိပ်ရဲ့ အရသာ ပီပြင်တယ်။ အမှောင်နဲ့ အရိပ်တွေကို ခရမ်းနဲ့ ရေးပြီးမှ Local Color တို့ Reflected Light တို့ Reflection တို့ကို ရှာပြီး ရေးရတယ်။
နောက်ပြီး ခရမ်းဟာ အပူနဲ့ အအေးကြားမှာရှိတဲ့ အနွေးရောင်ဖြစ်တယ်။ ခရမ်းနဲ့ အရင်ရေးပြီးမှ အပူဘက်ကူးကူး၊ အအေးဘက်ကူးကူး လွယ်လွယ်နဲ့ ကူးလို့ရတယ်။ အပူရောင်တွေနဲ့ အအေးရောင်တွေရဲ့ကြားမှာ ခရမ်းအမြဲရှိတယ်ဆိုတာ သိထားလိုက်ပါ။
နောက်တစ်ခုက Spectrum ဆိုတဲ့ ရောင်စဉ်ရဲ့ အရေးပါမှုပဲ။ ပန်းချီကားပဲဖြစ်ဖြစ်၊ ဒီဇိုင်းပဲဖြစ်ဖြစ်၊ လူသုံးကုန်ပစ္စည်းတစ်ခုခုပဲဖြစ်ဖြစ် အဲဒီမှာ အဝါရောင်နဲ့ အနီရောင်ပါနေတယ်ဆိုပါတော့။ အနီနဲ့အဝါ ဘယ်အချိုးအစားနဲ့ ဘယ်လိုအနေအထားနဲ့ပဲ ပါနေနေ လိမ္မော်ရောင်အနည်းငယ် မပါဘဲနဲ့ အဲဒီအနီနဲ့ အဝါဟာ အသက်မဝင်ဘူး။ အသေတွေလို ငြိမ်နေကြလိမ့်မယ်။ တစ်ရောင်နဲ့တစ်ရောင် အဆက်အသွယ်လုပ်ကြမှာ မဟုတ်ဘူး။ ကြားခံ လိမ္မော်ရောင် ထည့်ပေးလိုက်မှ အရောင်တွေ တစ်ရောင်နဲ့ တစ်ရောင် ဆက်သွယ်ပြီး အသက်ဝင်လာလိမ့်မယ်။ အစိမ်းနဲ့ အပြာဆိုရင် စိမ်းပြာပါမှ။ ခရမ်းနဲ့ လိမ္မော်ဆိုရင် အလယ်က အနီပါမှ အရောင်တွေ ကူးဆက်သွားမှာ။ လိမ္မော်နဲ့ ခရမ်းနီတို့ ပါလာရင်တော့ ပိုပြီးကောင်းတာပေါ့။
အရောင်တွေဆိုတာ Spectrum ဆိုတဲ့ ရောင်စဉ်အတိုင်းရှိမှ ပိုပြီး အသက်ဝင်လှုပ်ရှားတယ်။ ရောင်စဉ် အဆက်ပြတ်နေရင် အလုပ်သိပ်မလုပ်ကြဘူး။ သဘာဝထဲက အလင်းနဲ့ အရောင်တွေဟာ Spectrum အတိုင်း အစဉ်လိုက် ရှိနေကြတယ်ဆိုတာ လေ့လာကြည့်ကြပါ။ သဘာဝကို ပြန်ရေးပြမယ့် ပန်းချီဆရာဆိုရင်တော့ သဘာဝထဲမှာ အလင်းနဲ့အရောင်ဟာ Spectrum အတိုင်း အစဉ်လိုက်ရှိနေတယ်ဆိုတာ မသိလို့ မရပါဘူး။
အရုပ်ရေးတဲ့ပန်းချီဆရာနဲ့ အရောင်ရေးတဲ့ပန်းချီဆရာ မတူဘူး။ အရုပ်ရေးတဲ့ ပန်းချီဆရာက အရုပ်တွေ အသက်ဝင်ဖို့ အရေးကြီးသလို အရောင်ရေးတဲ့ ပန်းချီဆရာအဖို့လည်း အရောင်တွေ အသက်ဝင်ဖို့ အရေးကြီးတယ်။ ကိုယ့်ပန်းချီကားထဲက အရောင်တွေ အသက်ဝင်နေပြီ၊ အသက်မဝင်သေးဘူးဆိုတာ သူများသွားမေးဖို့ မလိုဘူး။ ကိုယ့်ဘာသာ သိရတယ်။ ကိုယ့်အာရုံနဲ့ကိုယ် သိရတယ်။ ဒီလို သိနိုင်တဲ့အာရုံကို ပိုင်ဆိုင်ထားရမယ်။ အရောင်တွေနဲ့ ကိုယ် သိပ်ရင်းနှီးလာတဲ့အခါ အဲဒီအာရုံကို ပိုင်ဆိုင်ခွင့် ရှိလာလိမ့်မယ်။ ဒါကြောင့် အရောင်တွေနဲ့ ရင်းနှီးအောင်နေပါ။ အရောင်တွေကို ချစ်ပါ။ အရောင်တွေကို တန်ဖိုးထားပါ။ အရောင်တွေကို အလုပ်သမားတွေလို ခိုင်းစေတဲ့ ပန်းချီဆရာမှာ ဒီလိုအာရုံမရှိနိုင်ဘူး။ အဲဒီလိုလူကို အရောင်တွေက သူတို့ရဲ့ လျှို့ဝှက်ချက်တွေ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။ အရောင်တွေကို ချစ်မှ၊ အရောင်တွေကို တန်ဖိုးထားမှ သူတို့ကို မိတ်ဆွေကောင်းတွေလိုပေါင်းမှ သူတို့က လျှို့ဝှက်ချက်တွေကို ပြောပြတာ။ အဲဒီတော့မှ သူတို့ရဲ့ သဘာဝ၊ သူတို့ရဲ့ အပြုအမူ၊ သူတို့ရဲ့ တုံ့ပြန်မှုတွေကို ကောင်းကောင်းနားလည်နိုင်တာ။ အဲဒါတွေ နားလည်တော့မှ ကိုယ့်ပန်းချီကားထဲက အရောင်တွေဟာ အသက်ဝင်ပြီး အရသာတွေ ရှိလာတော့မှာ။ ကိုယ့်ပန်းချီကားထဲက အရောင်တွေ အရသာရှိပြီး အသက်ဝင်စေချင်ရင် အရောင်တွေကို ခိုင်းဖို့ မကြိုးစားပါနဲ့။ အရောင်တွေကို ချစ်တတ်ဖို့ ကြိုးစားလိုက်ပါ။
Francis Bacon ရဲ့ စကားစုကို လက်ဆောင်ပါးလိုက်ပါတယ်။
“The Job of the artist is always to deepen the mystery.”
၀င်းဖေမြင့် (WPM)