အရောင်ဆိုတာ လူတိုင်းသိတယ်။ နီ၊ ဝါ၊ ပြာ၊ စိမ်း၊ လိမ္မော်၊ ခရမ်း ဘာမှမထူးဆန်းသလိုပဲ။ မြင်နိုင်တဲ့လူတိုင်း အရောင်တွေကိုအမြဲမြင်နေရတော့ ဘာမှမထူးဆန်းဘူးဖြစ်နေတယ်။ ဒါပေမယ့် အရောင်တွေဟာ သိပ်ထူးဆန်းတယ်။ ဒါကို လူတိုင်းမသိနိုင်ဘူး။
လူတိုင်းရဲ့ဝန်းကျင်မှာ အရောင်တွေအမြဲရှိနေတာ။ အရောင်တွေကြားမှာနေကြတာ။ နေ့တိုင်းပဲ အရောင်မျိုးစုံနဲ့ ထိတွေ့နေကြတာ။ ဒါပေမယ့် လူတွေကတော့ ဘာသိဘာသာပဲနေကြတယ်။ ဒီပန်းကလေးက ဝါတယ်။ ဒီခွက်ကလေးကနီတယ်။ လယ်ကွင်းတွေက စိမ်းနေတာပဲ။ သူ့အကျီပန်းရောင်က လုံခြည်အပြာနဲ့လိုက်သားပဲ။ ဒါလောက်ပဲ အာရုံပြုကြတယ်။ ဒါထက်မပိုဘူး။
တချို့လူတွေကတော့ ဟာ … ဒီပန်းကလေးက ဝါလိုက်တာ။ တော်တော်လှတာပဲ။ ဒီအဝါက တခြားအဝါတွေနဲ့မတူဘူး။ ဒီအဝါရောင်မျိုးကရှားတယ်ဆိုပြီးပြောတတ်တယ်။ အဲလိုလူမျိုးတွေမှာ အရောင်ခံစားတတ်တဲ့အာရုံရှိနေပြီ။ Color Sensation ကောင်းနေပြီ။ ဒီလိုလူတွေရဲ့အမြင်ဟာ သာမန်လူတွေထက်သာတယ်။ သူတို့က အရောင်တွေကို အမြဲသတိထားနေမိတယ်။
ကြိုက်စရာရှိရင်ကြိုက်တတ်တယ်။ မှတ်ချက်တွေလည်းပေးတတ်တယ်။
သူတိုဟာ ရှေ့ဆက်ပြီ အရောင်တွေကိုစိတ်ဝင်စားနေဦးမယ်ဆိုရင် အရောင်တွေနဲ့ ပိုပြီးရင်းနှီးလာမယ်။ အရောင်တွေအကြောင်းပိုသိလာမယ်။ ပိုပြီးခံစားတတ်လာမယ်။ အရောင်တွေရဲ့အင်အား၊ အရောင်တွေရဲ့အပြုအမူ၊ အရောင်တွေရဲ့တန်ဖိုးနဲ့ အရောင်တွေရဲ့ ဆန်းကျယ်မှုတွေကို အများကြီးသိလာကြမယ်။ ပိုပြီးလေ့လာလေ၊ ပိုပြီးသိလာလေပဲ။ သိစရာတွေက မကုန်နိုင်ဘူး။ အဲလိုလူမျိုးတွေထဲမှာ ဖက်ရှင်ဒီဇိုင်းဆရာ၊ ကွန်ပြူတာဒီဇိုင်းဆရာ၊ ဗိသုကာပညာရှင်၊ Art Editor, Art Director တွေပါတယ်။ သူတို့ကတော့ အရောင်တွေကို ခံစားရုံ နားလည်ရုံတင်မကဘူး။ အရောင်တွေကို အသုံးချနိုင်တယ်။ အရောင်တွေနဲ့ ဖန်တီးမှုတွေလုပ်နိုင်တယ်။ သူတို့ရဲ့အရောင်နားလည်မှုများနဲ့ အများအကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်ကြတယ်။
ဒီလောက်အထိမဟုတ်ရင်တောင် အရောင်တွေကို ခံစားတတ်တယ်၊ အရသာခံနိုင်တယ်ဆိုရင် အဲဒီလူဟာ ဒီကမ္ဘာကြီးမှာ လူဖြစ်ရကျိုးနပ်ပါတယ်။
လူတိုင်းဟာ ခံစားတတ်တယ်လို့ ကိုယ့်ဘာသာကိုယ် ထင်ကြတာပဲ။ လူဟာ အာရုံ ၅ ပါးနဲ့ အမြဲခံစားနေကြတာတော့ဟုတ်ပါတယ်။ အစားအသောက်များနဲ့ အရသာခံတယ်။ အမွှေးရနံ့များနဲ့ အရသာခံတယ်။ တေးဂီတနဲ့အရသာခံတယ်။ အဲဒါတွေခံစားနိုင်ဖို့ ပိုက်ဆံကုန်ခံရပါတယ်။ အလကားမရပါဘူး။
ဂီတကိုခံစားဖို့အနဲဆုံး ကက်ဆက်တစ်လုံးရှိရမယ်။ Tape ခွေတွေဝယ်ရဦးမယ်။ တစ်ခွေပြီးတစ်ခွေ ငွေအမြဲကုန်နေတာ။ ပါးစပ်အရသာခံဖို့ကြတော့လည်း ငွေတော်တော်သုံးနိုင်မှဖြစ်တာ။
အမြင်အာရုံခံစားတာကိုတော့ သိပ်မလုပ်တတ်ကြဘူး။ အလေးမထားကြဘူး။ အလွန်ဆုံး ရုပ်ရှင်ကြည့်တာလောက်ပဲရှိတယ်။ ကိုယ့်ပါတ်ဝန်းကျင်မှာ ပိုက်ဆံမကုန်ပဲနဲ့ကြည့်နိုင်တဲ့အရာတွေ အများကြီးရှိတယ်။ အလွယ်ဆူံအလုပ်။ အချိန်မရွေး အလကားခံစားလို့ရတယ်။ အချိန်တိုင်းနေရာတိုင်းမှာ ကြည့်စရာတွေရှိတယ်။ မျက်စေ့အရသာခံစရာတွေရှိတယ်။ ည လမင်းကြီးထွက်လာတယ်။ မနက် နေလုံးနီနီကြီးထွက်လာတယ်။ သိပ်လှတာပဲ ကြည့်ကြစမ်းပါ။ မြက်ခင်းစိမ်းစိမ်းလေး မျက်စေ့သိပ်အေးတာပဲ။ သစ်ပင်ရိပ်အောက်ကနေ နေပြောက်လေးတွေ လှုပ်နေကြတယ်။ ကောင်းကင်ပြာပြာကြီးထဲမှာ တိမ်ဖြူဖြူလေးတွေ လွင့်နေကြတယ်။ မလှဘူးလား။ တိုက်နံရံပေါ်မှာ အရိပ်ကြီးရွေ့သွားနေတယ်။ စိတ်ဝင်စားစရာပဲ။ လမ်းဘေးမှာ ပျဉ်းမပန်းပြာပြာတွေပွင်နေတာ အသည်းယားအောင်လှတယ်။ ကြည့်ကြစမ်းပါ။ အရသာခံကြည့်စမ်းပါ။ ပိုက်ဆံမပေးရဘူး။ ငွေမကုန်ဘူး။ အခမဲ့ကြည့်လို့ရတယ်။ ကြည့်ရင်း ကြည့်ရင်းနဲ့ အရသာရှိမှန်းသိလာမယ်။ အမြင်အာရုံမှာ သာယာလာမယ်။ စိတ်သောကတွေ ပျောက်သွားမယ်။ စိတ်ညစ်စရာတွေမရှိတော့ဘူ ပြဿနာတွေကိုမေ့သွားပြီ။ စိတ်တည်ငြိမ်လာမယ်။ အဲဒီလိုအချိန်မျိုးမှာ စိတ်ကူးကောင်းတွေ တွေးမိလာတတ်တယ်။ အကြံသစ် ဉာဏ်သစ်တွေ ရလာတတ်တယ်။
ဒါ ကြည့်တာကစတာပဲ။
ကြည့်ရင်း အရသာခံရင်းနဲ့ နောကဆက်တွဲရလာတဲ့ အကျိုးတွေပဲ။ အရောင်မျိုးစုံနဲ့လှနေတဲ့ ဒီကမ္ဘာကြီးမှာ လူဖြစ်နေလျက်နဲ့ ဒီအလှအပတွေကို မခံစားတတ်ဖူးဆိုရင် လူဖြစ်ရကျိုးနပ်မယ်မထင်ဘူး။ လူ့ကမ္ဘာကြီးက အလှအပတွေကို နေ့စဉ်ရှုမြင်ခံစားကြည့်စမ်းပါ။ မျက်စေ့အရသာ ခံကြစမ်းပါ။
အရောင်တွေဟာ အရသာရှိပါတယ်။
ဝင်းဖေမြင့် (WPM)
.
ယခုဖော်ပြသောဆောင်းပါးသည် ပန်းချီဆရာကြီးဦးဝင်းဖေမြင့်၏ “အရောင်တွေအကြောင်း ပန်းချီကားတွေအကြောင်း” စာအုပ်ထဲမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။