Open Daily 9:30–6:00, Everyday

No. 48, Aung Tun Oo Street, Maw Leik Quarter, Sittwe, Arakan

အရောင်တွေဘာကြောင့်သုံး


ဘယ်ပန်းချီဆရာမဆို ပန်းချီဆွဲရင် အရောင်သုံးကြတာပဲ။ ခင်ဗျားဘာအတွက်အရောင်သုံးတာလဲလို့မေးရင် ယောင်ဝါးဝါးဖြစ်နေတတ်ကြတယ်။ အဖြေတွေလည်း အမျိုးမျိုးပေးတတ်ကြတယ်။ အ‌ရောင်တွေမြင်နေလို့ အရောင်တွေသုံးတာပေါ့။ သဘာဝမှာအရောင်တွေရှိနေလို့ပေါ့။ ပန်းချီဆွဲတာပဲ အရောင်သုံးမှာပေါ့စတဲ့ မရေရာတဲ့အဖြေတွေသာပေးလေ့ရှိပါတယ်။ အမှန်က အရောင်တွေအပေါ်မှာထားတဲ့ သူတို့ရဲ့ သဘောထားဟာ မပီပြင်လို့ပဲ။ အရောင်သုံးရခြင်းအပေါ်မှာ သူတို့အယူအဆ ယုံကြည်ချက် ဘာမှမရှိလို့ ဒီလိုပြောကြတာပဲ။ ဘာမှမရှိရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဖူး။


ဒီမှာက များသောအားဖြင့် Subject ဆိုတဲ့ အကြောင်းအရာကိုပဲ သရုပ်ဖော်နေကြတာ။ ကျောင်းကန်၊ ဘုရား၊ လယ်ယာလုပ်ငန်း၊ မြန်မာမှု၊ မြန်မာ့ရှုခင်း၊ ဘုန်းကြီး၊ သီလရှင် စတာတွေကိုသရုပ်ဖော်နေကြတာများတယ်။ အဲဒီအကြောင်းအရာတွေကို သရုပ်ပီပြင်ဖို့ အရောင်တွေကိုသုံးကြတာပဲ။

အရောင်ဟာအဖြည့်ခံပဲ။ ရတယ်လေ။ အရောင်ကိုအဖြည့်ခံအဖြစ်သုံးလို့ရတယ်။ အရောင်ကိုအဖြည့်ခံသက်သက်မသုံးရဆိုတဲ့ ဥပဒေမှမရှိတာ။ သုံးနိုင်ပါတယ်။ အကြောင်းအရာကအဓိကကို။ ကောင်းပြီ။ အဲဒီပန်းချီဆရာဟာ သူရေးတဲ့အကြောင်းအရာပေါ်မှာကော သူ့သဘောထားက ဘယ်လိုလဲ။ သူ့ယုံကြည်မှုကဘာလဲ။ အဲဒီအကြောင်းအရာကို သူဘယ်လောက်စွဲလမ်းလို့ ကြိုက်လွန်းလို့ မဆွဲရမနေနိုင်လို့ ဆွဲလိုက်တာလဲ။ ဒီလိုတော့လည်း မဟုတ်ပြန်ဘူး။ သဘောကျလို့ ဆွဲချင်လို့ဆွဲလိုက်တာပေါ့ဗျာ။ ဒီလောက်ပဲရှိတယ်။ အဲဒါဆိုရင်တော့ အနုပညာနဲ့ ဝေးနေဦးမှာပဲ။

အခုပြောနေတာတွေက အနုပညာဖြစ်ဖို့ပြောနေတာ။ အနုပညာရှင်ဟာ စွဲလမ်းမှုရှိရတယ်။ ကျွမ်းကျင်မှုရှိရတယ်။ ယုံကြည်မှုရှိရတယ်။ ရိုးသားမှုရှိရတယ်။ ဘာစွဲလမ်းမှုမှမရှိပဲ အနုပညာလုပ်လို့မရဘူး။ ကျွမ်းကျင်မှုမရှိပဲ ခိုင်မာတဲ့ အနုပညာလုပ်လို့မရဘူး။ ကျွမ်းကျင်မှုမရှိပဲ ခိုင်မာတဲ့ အနုပညာမဖြစ်နိုင်ဘူး။ ရိုးသားမှုမရှိပဲ စစ်မှန်တဲ့အနုပညာ မဟုတ်နိုင်ဘူး။အကြောင်းအရာတစ်ခုရေးတော့မယ်ဆိုရင် အဲဒီအကြောင်းအရာအပေါ်မှာ သူ့အစွဲအလမ်း၊ သူ့အကြိုက်ရှိရတယ်။ အရောင်တွေသုံးမယ်ဆိုရင်လည်း အရောင်သုံးရခြင်းအပေါ်မှာ သူ့သဘောထားတစ်ခုခုရှိရတယ်။ သူ့ယုံကြည်မှုတစ်ခုခုရှိရတယ်။ မှတ်တမ်းတင်လောက်တဲ့ပန်းချီဆရာတိုင်းဟာ အရောင်တွေအပေါ်မှာ သူတို့ရဲ့အယူအဆ အသီးသီးရှိတယ်။ ကိုယ့်အယူအဆနဲ့ကိုယ့်အရောင်သုံးကြတာ။ ပန်းချီဆရာအရောင်သုံးတာပဲကွာ၊ ထူးထူးဆန်းဆန်းလာပြောနေတယ်။ အရောင်တွေရှိလို့အရောင်သုံးတာပေါ့ဆိုတာ ခပ်ညံ့ညံ့ပန်းချီဆရာတွေပြောတာ။


ပန်းချီသမိုင်းမှာ ပန်းချီဆရာတွေဟာ ကိုယ့်အယူအဆနဲ့ ကိုယ့်အရောင်တွေကို သုံးခဲ့ကြတာဖြစ်တယ်။ သဘောထားအချို့ကိုပြောရမယ်ဆိုရင် Naturalist တွေဟာသဘာဝကို လေးစားလို့၊ မြတ်နိုးလို့၊ သဘာဝအရောင်တွေကိုယုံကြည်လို့ သဘာဝထဲကအရောင်များအတိုင်း ကူးယူရေးဆွဲကြတယ်။ သူတို့အရောင်တွေဟာ သဘာဝကို ကိုယ်စားပြုတယ်။ သူတို့သုံးတဲ့အရောင်တွေကို Natural Color လို့ခေါ်တယ်။


တချို့က ပန်းချီကျောင်းတော်ကြီးတွေက သင်ကြားလိုက်တဲ့ color theory ကို လေးစားယုံကြည်ပြီး အဲဒီ theory အတိုင်းရေးဆွဲကြတယ်။ သူတို့ဆွဲလိုက်တိုင်း အရောင်းတွေဟာ theory အတိုင်းဖြစ်တယ်။ သူတို့သုံးတဲ့အရောင်တွေကို theory color လို့ခေါ်တယ်။


တချို့ကတော့ အလင်းနဲ့အရောင်တို့ တွဲဖက်ဖြစ်ပေါ်နေပုံကို သဘောကျပြီးရေးကြတာရှိတယ်။ သူတို့အရောင်တွေဟာ အလင်းဖြစ်ဖို့အဓိကပဲ။ အလင်း၊ အမှောင်၊ အရိပ်တို့ရဲ့အဖြစ်အပျက်ကို color theory နဲ့တွဲပြီး သရုပ်ဖော်လေ့ရှိတယ်။ သူတို့အရောင်ကို lighting color လို့သတ်မှတ်ကြတယ်။


တချို့ကတော့ သူတို့ရဲ့ခံစားမှုတွေ ထင်ဟပ်ဖို့ အရောင်ကိုသုံးကြတယ်။ သူတို့ရဲ့ခံစားမှုကြောင့် အရောင်တွေကို ပြောင်းလဲပြီး မြင်တတ်ကြတယ်။ သူတို့ရဲ့အရောင်တွေဟာ သူတို့ရဲ့ခံစားမှုအတိုင်း ထုတ်ဖော်တာဖြစ်လို့ Expressive color လို့ သတ်မှတ်ကြတယ်။


တချို့ကတော့ စိတ်ကူးတွေ၊ အတွေးတွေ၊ အိပ်မက်တွေကိုသရုပ်ဖော်ဖို့ အရောင်ကိုသုံးကြတယ်။ သူတို့သုံးတဲ့အရောင်တွေဟာ တင်စားမှုတွေပါတယ်။ သ‌က်ေတဖြစ်မှု‌တွေရှိတယ်။ သူတို့အရောင်တွေဟာ သက်ေတဆန်လို့ Symbolic Color လို့ပြောကြတယ်။ ဒီတော့ အရောင်တွေကို ဘာကြောင့်သုံးရတာလဲဆိုတဲ့အပေါ်မှာ ကိုယ့်ဆင်ခြေရှိရပါမယ်။ ဒါမှ ပန်းချီကားကြည့်တဲ့လူက ကိုယ့်အရောင်ကို ဖတ်လို့ရမှာပေါ့။ ကိုယ့်ဖန်တီးမှုကိုပိုပြီး နားလည်ခံစားနိုင်မှာပေါ့။


ဒါက အရောင်ကိုပြောတာ။ မျဉ်းကြောင်းတွေသုံးရင်လည်းဒီလိုပဲ။ ဘာကြောင့်မျဉ်းကြောင်းသုံးရတယ်။ စုတ်ချက်တွေသုံးရင်လည်း ဘာကြောင့်စုတ်ချက်တွေသုံးရတယ်ဆိုတဲ့ ဆင်ခြေရှိရတယ်။


ကိုယ်အသုံးပြုတဲ့ Element တွေအပေါ်မှာတောင် ဘယ်လိုသဘောထား ဘယ်လိုခံစားချက်မှမရှိရင် ဖန်တီးမှုတစ်ခုလုံးအပေါ်မှာကော ရှိနိုင်ပါဦးမလား။ သူ့ပန်းချီကား သူ့ဖန်တီးမှုတွေကို ဘယ်လိုဖတ်ရမှာလဲ။ ထမင်းဘာလို့စားလဲမေးရင်း ဆာလို့စားတာပေါ့ကွာ ဆိုတာမျိုးဖြစ်နေမယ်။ ကလေးတစ်ယောက်က ဒါမျိုးဖြေရင်ကိစ္စမရှိဘူး။ အထူးအဆန်းလုပ်လို့ကွာ။ အသက်ရှင်ဖို့ ထမင်းစားတာပေါ့လို့ ဖြေတဲ့သူတော်တော်များများရှိလိမ့်မယ်။ ဒါက သာမန်လူတွေပဲ။ ထူးခြားတဲ့လူတွေမဟုတ်ဖူး။ ကိုယ်နေ့တိုင်းလုပ်နေတဲ့ ထမင်းစားခြင်း (အစာစားခြင်း) အပေါ်မှာတောင် နားလည်မှုမရှိတဲ့ ခံယူချက်မထားတဲ့လူမျိုးဟာ ဘယ်မှာလာပြီး ကြီးကျယ်တဲ့လူ ထူးချွန်တဲ့လူဖြစ်နိုင်မလဲ။ အရွယ်ရောက်သူတိုင်းဟာ ထမင်းဘာလို့စားရတယ်ဆိုတာ နားလည်ထားရမယ်။ ဒီမှာဖြစ်နေတာက ထမင်းစားဖို့အလုပ် လုပ်နေကြတာဖြစ်တယ်။ ထမင်းစားဖို့ အလုပ်လုပ်ရမယ်လို့ပဲ လူတိုင်းက ပြောပြောနေကြတယ်။ အမှန်က အလုပ်လုပ်ဖို့ ထမင်းစားရတာ။ စားတော့လည်း ချင့်ချင့်ချိန်ချိန်စားရတယ်။ ရွေးချယ်ပြီးစားရတယ်။ ပိုက်ဆံပေါတိုင်း အလကားကျွေးမယ့်သူရှိတိုင်း စည်းမဲ့ကမ်းမဲ့မစားသင့်ဘူး။ ကိုယ့်အသက် ကိုယ့်အလုပ်အကိုင် ကိုယ့်ကျန်းမာရေးနဲ့တွက်ပြီး စားသင့်တဲ့အစားကို စားသင့်သလောက်ပဲ စားရပါမယ်။


ဘောလုံးသမားတစ်ယောက်နဲ့ စန္ဒယားဆရာတစ်ယောက် စားရမယ့်အစားအစာ အတော်ပဲကွာခြားပါလိမ့်မယ်။ အလုပ်ချင်းမတူရင် အစားချင်းလည်းမတူနိုင်ဘူး။ ကိုယ့်အလုပ်အတွက် အထောက်အကူဖြစ်မယ့်အစားအစာကို စားရမှာ။ အခုပြောနေတာ ဓတ်စာစားဖို့မဟုတ်ပါဘူး။ စားသောက်ခြင်းအပေါ်မှာ အဓိပ္ပါယ်ရှိရမှာဖြစ်သလို ပန်းချီဆွဲတဲ့အပေါ်မှာလည်း အဓိပ္ပါယ်ရှိဖို့ပါ။ ပန်းချီဆရာဟာ သူ့ဖန်တီးမှုအပေါ်မှာ ဆင်ခြေရှိရမယ်။ ခိုင်လုံတဲ့ဆင်ခြေတွေ ပေးနိုင်ရပါ့မယ်။ ဘာကြောင့်ရေဆေးသုံးရတယ်၊ ဘာကြောင့်ရေဆေးနဲ့ပါစတယ်ရောသုံးတယ်။ ဘာကြောင့်စက္ကူတွေကပ်ရတယ်။ ဘာကြောင့် slide projector သုံးရတယ်။ ဘာကြောင့်ကွန်ပြူတာအကူအညီယူရတယ် စသည်စသည်ဖြင့် အကြောင်းပြချက်တွေရှိရပါမယ်။ ဘာမှဖုံးကွယ်စရာမလိုပါဘူး။ ဖုံးကွယ်တယ်ဆိုတာ ကြောက်တဲ့သဘောပဲ။ အပြစ်ကျူးလွန်တဲ့သဘောပဲ။ မကောင်းမှုလုပ်တဲ့သဘောပဲ။ အနုပညာရှင်ဟာ ရိုးသားရတယ်။ ဘာမှဖုံးကွယ်နေစရာမရှိဘူး။ အနုပညာရှင်လောက် ရိုးသားသန့်ရှင်းတဲ့လူမရှိဘူး။ လွတ်လပ်တဲ့လူမရှိဘူး။ ပီတိတွေရနိုင်တဲ့လူမရှိဘူး။ အနုပညာရှင်စစ်စစ်ဟာ လွတ်လပ်ပြီး ရိုးသားတဲ့စိတ်နဲ့ အလုပ်လုပ်တယ်။ အမှန်ကိုပိုပြီးမြင်တတ်တယ်။ အမှန်တရားဘက်က အမြဲရပ်တည်တယ်။ အနုပညာရှင်စသ်စစ်ဟာ ဘယ်တော့မှ ဟန်မဆောင်ဘူး။ ဟိတ်မထုတ်ဘူး။


ဒီကမ္ဘာမှာ ပညာရပ်တိုင်းဟာ တွေးခေါ်ဆင်ခြင်မှုနဲ့ တိုးတက်လာကြတာ။ အရာအားလုံးဟာ ဆင်ခြင်မှုနဲ့ လုပ်နေကြတာ။ အနုပညာရှင်ကျမှ ဆင်ခြင်မှုမလိုဘူးဆိုလို့မရပါဘူး။ အနုပညာမှာ အဟောင်းတွေကို ဖက်တွယ်နေစရာမလိုပါဘူး။ အသစ်ဖြစ်စေဆိုပြီး မျက်စိမှိတ်ရမ်းလို့မရပါဘူး။ အသစ်ဖြစ်ဖို့ အဟောင်းအားလုံးကို သိထားရပါလိမ့်မယ်။ ငါ့ဟာ အသစ်ကွဆိုပြီး ထင်ကြေးနဲ့လုပ်နေလို့ကတော့ ရယ်စရာကောင်းပါလိမ့်မယ်။ အသစ်နှင့်အဟောင်းခွဲသိနိုင်ဖို့ စာဖတ်ဖို့လိုတယ်။ ကမ္ဘာပတ်ဖို့လိုတယ်။


အရောင်အကြောင်းပြန်ပြောရအောင်။ ပန်းချီကားတစ်ချပ်ဟာ အကြောင်းအရာတစ်ခုခုပါလာပြီဆိုရင် ဒါဟာ Representational ဖြစ်သွားပြီ။ တစ်ခုခုကိုပြန်ပြောတာပဲ။ ဒါမှမဟုတ် သရုပ်ဖော်တာပဲ။ ဒါမှမဟုတ် ထင်ဟပ်တာပဲ။ ဒီအချိန်မှာ အရောင်ဟာ အသုံးချခံသက်သက်ပဲ။ တချို့ပန်းချီဆရာတွေကတော့ ဘာအကြောင်းအရာ ဘာအတွေး ဘာခံစားမှုမှပြောချင်တာမဟုတ်ဖူး။ ထင်ဟပ်ချင်တာမဟုတ်ဖူး။ သူတို့က အရောင်နဲ့ကစားချင်တာ။ ပျော်ချင်တာ။ အရောင်ကို အရောင်သက်သက် ခံစားချင်တာ အပြာရောင်ဟာ အပြာရောင် သက်သက်ပဲ။ ဘာရုပ်ဝထ္ထုကိုမှ ကိုယ်စားမပြုဘူး။ ဘာအကြောင်းအရာမှသရုပ်မဖော်ဘူး။ အရောင်ကို မခံစားတတ်ပဲနဲ့တော့ ဘာရုပ်ဝထ္ထုကိုမှ ကိုယ်စားမပြုတဲ့ သူတို့ပန်းချီကားတွေကို ကြည့်လို့ရမှာမဟုတ်ဖူး။ သဘောတွေ့မှာမဟုတ်ဖူး။ သူတို့က အရောင်အချင်းချင်းပေါင်းစပ်ဖြစ်ပျက်နေကြတာကိုကြည့်ချင်တာ။ ဒါမှမဟုတ် အရောင်တစ်ရောင်ချင်းစီရဲ့အလှနဲ့အရသာကို ခံစားချင်တာ။ အရောင်ကို အျရာင်အဖြစ်နဲ့သာ ကြည်နူးချင်တာ။ သူတို့က non-representational သမားတွေပဲ။ ဥပမာ-Piet Mondrian, Josef Albers, Morris Louis, Frankenthaler, Sam Fransic, Mark Rothko စတဲ့ ပန်းချီဆရာ ဆရာမတွေဟာ အရောင်တွေနဲ့ပျော်ကြတယ်။ ပြင်ပသဘာဝရဲ့အချုပ်အချယ်မှ ကင်းလွတ်ကြတယ်။ အရောင်တွေရဲ့သဘာဝကို သူတို့က ပိုသိတယ် အရောင်တွေရဲ့အင်အား အရောင်တွေရဲ့ အပြုအမူ အရောင်တွေရဲ့တန်ဖိုး သူတို့ပိုသိတယ်။ ပိုပြီးပြောနိုင်တယ်။


သမိုင်းကြောင်းတလျှောက်မှာဘယ်ရာစုက ဘယ်ပန်းချီဆရာတွေဟာ ဘယ်လိုသဘောနဲ့အရောင်တွေသုံးကြတယ်ဆိုတာသိလောက်ပါပြီ။ ပိုသိချင်ရင် ပြည့်ပြည့်စုံစုံသိချင်ရင် စာအုပ်‌တွေရှာဖတ်ရပါမယ်။ ကိုယ့်နားလည်မှုနဲ့ ကိုယ့်အရောင်တွေကို သုံးသွားကြတာ။ ရမ်းလုပ်ခဲ့ကြတာမဟုတ်ဖူး။ ဇဝေဇဝါနဲ့ လုပ်ခဲ့ကြတာမဟုတ်ဖူး။ ကိုယ့်ခံယူချက်နဲ့ကိုယ့်အရောင်ကိုသုံးခဲ့ကြတာ။ ကိုယ့်အမှန်တရားနဲ့ ကိုယ့်အရောင်ကို သုံးခဲ့ကြတာ။ အမှန်တရားပါမှလည်း ကိုယ့်အနုပညာဟာ ပိုပြီးခိုင်မာမှာဖြစ်ပါတယ်။ ခိုင်မာစရာမလိုဘူး။ ဘာမှတည်မြဲကြတာမဟုတ်ဖူး။ ခိုင်မာမှု တည်မြဲမှုဆိုတာတွေမလိုအပ်ပါဘူး။ အမှန်တရားဆိုတာလည်းစံမရှိပါဘူး။ ကိုယ်မှန်ချင်ရင်မှန်လို့ရတယ်။ အနုပညာဆိုတာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ်လုပ်တာ ကိုယ့်အနုပညာပဲ။ ဘယ်သူသတ်မှတ်တာမှ အရေးစိုက်စရာမလိုဘူးဆိုတဲ့ အယူအဆတွေနဲ့ လုပ်နေကြတာလည်းရှိတယ်။ နိုင်ငံတကာ နေရာအနှံ့မှာရှိတယ်။ ဘယ်သူက ဘာလဲဆိုတာ အချိန်ကအဆုံးအဖြတ်ပေးပါလိမ့်မယ်။ အချိန်ဟာ အလွန်ကျွမ်းကျင်တဲ့ တံမြက်လှဲသမားလိုပဲ။ အဖိုးတန်တဲ့အရာတွေကို သူ့နေရာနဲ့သူ နေရာတကျချန်ထားပြီး အမှိုက်တွေကိုသာ လှဲယူသွားပြီး အမှိုက်ပုံးထဲထည့်ပါလိမ့်မယ်။ အဖိုးတန်ရင် ကျန်ခဲ့ပါလိမ့်မယ်။

ဝင်းဖေမြင့် (WPM)

.

ယခုဖော်ပြသောဆောင်းပါးသည် ပန်းချီဆရာကြီးဦးဝင်းဖေမြင့်၏ “အရောင်တွေအကြောင်း ပန်းချီကားတွေအကြောင်း” စာအုပ်ထဲမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

မူရင်းပုံပိုင်ရှင်နှင့်တင်သောသူကိုလေးစားစွာ Credit ပေးပါသည်။

Add Your Comment

Address

No. 120, (Ground Floor), 51st Street (Middle), Pazontaung Township, Yangon, Myanmar

Contact Us

+95 9 759 477377
info@izanagallery.com

Open Hours

Daily 10:00 am – 5:00 pm
Except Official Public Holidays in Myanmar

Connect with us

Izana Gallery © 2024. All Rights Reserved.