Open Daily 9:30–6:00, Everyday

No. 48, Aung Tun Oo Street, Maw Leik Quarter, Sittwe, Arakan

Contemporary Art ဆိုတာဘာလဲ

Contemporary Art ဆိုတာ ဘာလဲ။


Contemporary Art ဆိုတာ အခုလုပ်နေတဲ့ဟာတွေ။ ထားပါတော့။ ကမ္ဘာ့အကြောင်းပေါ့။
မြန်မာမှာတော့ အနုပညာမှ မထွန်းကားသေးတာ။ အနုပညာဆိုတာ အမြဲတမ်း ပြောင်းလဲနေတာ။ ဒီအတိုင်းပဲ ဒီလိုပဲဆိုရင် ဒါ အနုပညာ မဟုတ်တော့ဘူး။ ကျွန်တော်တို့က အသစ်အဆန်းတွေကို လိုချင်တာ။ အဟောင်းတွေက လူများတွေ လုပ်ခဲ့တာ။ အဲဒီအဟောင်းတွေကို မူတည်ပြီးတော့ ကျွန်တော်တို့က အသစ်တွေ ဖန်တီးချင်တာ။ ( အဟောင်းတွေကိုလည်း တန်ဖိုးထားတယ်) အဲဒီအသစ်တွေကို ဖန်တီးခြင်းသည် ခုနပြောတဲ့ Contemporary Art လို့ပဲ ကျွန်တော်ယူဆပါတယ်။


Contemporary Art ကို ဘယ်လိုချဥ်းကပ်ရမလဲ။
ချည်းကပ်ချင်သလိုပဲ ချည်းကပ်ပေါ့။ခြင်းခတ်ချင်ရင် ကိုယ်တိုင်ခြင်းခတ်ပေါ့။ လုပ်ကြည့်ပေါ့။ ကိုယ်ကမလုပ်ချင်ဘူး၊ သိချင်တာဆိုရင်တော့ ဖတ်ကြည့်။
ထင်ရှားတဲ့အနုပညာရှင်တွေအကြောင်း ပြောစမ်းပါ။
ထင်ရှားတဲ့ အနုပညာတွေကတော့ ထင်ရှားလို့ပေါ့။ကျွန်တော်တို့က မထင်ရှားတဲ့သူဆိုတော့ မထင်ရှားဘူးပေါ့။ ဒါပဲပေါ့။ ထင်ရှားတဲ့ အနုပညာရှင်တွေအကြောင်း ပြောရရင်တော့ အများကြီးပေါ့။
ဘယ်သူ့အကြောင်း ပြောစေချင်တာလဲ။ ကမ္ဘာလား၊ မြန်မာလား။ ကျွန်တော်ထင်တယ်၊ ခင်များ မြန်မာ့အနုပညာရှင်တွေအကြောင်း ပြောစေချင်တာလား။
မြန်မာအနုပညာရှင်တွေ အများကြီးရှိပါတယ်။ ရှေးတုန်းကလား။ အခုလားလို့ မေးရင်တော့ ကျွန်တော်ထင်ပါတယ်။ ခင်များသိချင်တာက အခုလို့ထင်တယ်။ ဒါပေမယ့် ရှေးတုန်းက လူတွေ အရင်ပြောပါရစေ။


၁။ ပန်းချီဦးကြာညွှန့်
၂။ ဆရာချုံ
၃။ ဆရာဆောင် ( ကြားထဲမှာ အများကြီးရှိသေးတယ်။ နာမည်တွေလည်း မမှတ်မိတော့ဘူး။) ဘဉာဏ်ကတော့ ဂရိတ်ပေါ့။သူက ဥရောပမှာ ဝင်ဆန့်ခဲ့တယ်။


သူပြီးရင် ဦးသာထွန်းတောင်မှ ဗိသုကာဖြစ်ရင်းနဲ့ ပန်းချီဆရာဖြစ်ခဲ့သေးတယ်။သူကျော်ကြားတဲ့ပုံကတော့ မောင့်စိန်မိုက်ကယ် ( Mr. St. Micheal) ပေါ့။ သူ့ပုံဟာ Royal Academy မှာရှိတုန်း။ အဲဒါဟာ မြန်မာ့ပန်းချီသမိုင်းပါပဲ။
ဒါပေမယ့် ဦးငွေကိုင်ကတော့ လူသိအများဆုံးပါ။သူလည်းပဲ မြန်မာ့ပန်းချီကို ဆက်လက်၍ ဆင်းဆင်းရဲရဲ ထွန်းသိမ်းခဲ့ပါတယ်။ အဲဒီကတည်းက ပန်းချီဆရာဆိုတာ ဆင်းရဲရမယ်လို့ ကျွန်တော့််အတွေးတွေ ငယ်ငယ်ကတည်းက ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဦးဘကြည်၊ ဦးအုန်းလွင် စသည့်အပေါ့စားပန်းချီဆရာများ၏ မြန်မာ့မဂ္ဂဇင်းများ၌ ကျော်ကြားနေပြီး ပြည်သူလူထုကလက်ခံနေသော ကလေးကလား ပန်းချီပုံများသည်သာလျှင် မြန်မာလူထု မျက်လုံးများထဲ၌ ကျန်ရှိခဲ့၏။


*( ဒီစကားများသည် ဒီပန်းချီဆရာများကို နှိမ်ချပုတ်ခတ်ပြောခြင်း မဟုတ်ပါ။ သူတို့သည် မြန်မာပန်းချီ၌ အထွဋ်အထိပ်ရှိသောသူများ ဖြစ်ပါသည်။) ကျွန်တော် ပန်းချီစဆွဲစဥ်က စာပေဗိမ္မာန်၌ ပန်းချီပြပွဲကြီးတစ်ခုကို ကြည့်လိုက်ရသည်။ အဲဒီပြပွဲ၌ ” ပန်းချီမောင်ငွေထွန်း” ဆိုသူ၏ ပန်းချီများသည် အလွန်လှ၏။ ကျွန်တော့်အသည်း၌ ရိုက်ခတ်သွားသော ပန်းချီကားတစ်ကားတွေ့ခဲ့ရ၏။ ထိုပန်းချီကားသည် ” ရန်ကုန်ဘဆွေ” ၏ ပန်းချီကား ဖြစ်သည်။ ဖ-ဆ-ပ-လ တိုက်ခန်းတွေရှိ ကလေးများသည် ခွေလှိမ့်နေသည့်ပုံဖြစ်၏။ ထိုပုံကိုကြည့်၍ ကျွန်တော်သည် ပန်းချီဆရာဖြစ်နိုင်သည်ဟု ယူဆခဲ့၏။ ဘာဖြစ်လို့လဲဆိုတော့ သူသည် သူဆွဲချင်သလို ဆွဲထားသောပုံဖြစ်သောကြောင့်.ဖြစ်ပါ၏။အဲဒီပုံကို ယနေ့ထိမမေ့။ ( အဲဒါသည် ကျွန်တော်၏ Inspiration ပဲ။) ကျွန်တော်ပန်းချီစဆွဲတော့ အောင်စိုးက Modern Artist ဖြစ်နေပြီ။ မော်ဒန်လိုလို မော်ဒန်မဟုတ်သလိုလို နန်းဝေကလည်း ပန်းချီဆရာပဲ။ တစ်ညနေ အင်းလျားလမ်းထိပ် ကွမ်းယာဆိုင်မှာ နန်းဝေက သူ အင်လျားကန်ရွက်လှေအသင်းမှာဆွဲခဲ့သော ပန်းချီကား ပူပူနွေးနွေး လက်ထဲကိုင်ရင်းနဲ့ ဆေးလိပ်ဝယ်တာကို အနားကပ်ရင်း ကြည့်မိတော့ ” ဟာ….” ငါလည်း သူ့လိုပန်းချီဆရာ ဖြစ်ချင်တာပဲလို့ စိတ်ထဲမှာ ဆုံးဖြတ်ထားမိတယ်။


တစ်နေ့ သူနဲ့ဘတ်(စ်)ကားပေါ်မှာတွေ့တော့ ပန်းချီဆေးအကြောင်း သူ့ကိုမေးတော့ ( ကိုယ်ဟာနဲ့ကိုယ်လုပ်ရမှာလားမေးတော့ ) သူက ​ပြောတယ်။ နိုင်ငံခြားက လုပ်ပြီးသားတွေ ရှိနေတော့
ကိုယ့်ဟာနဲ့ကိုယ် လုပ်စရာမလိုဘူး။ အဲဒီအချိန်မှာ ကျွန်တော်သည် ပွင့်လင်းစွာ မြန်မာ့ပန်းချီကို နိုင်ငံခြားဆေးများနှင့် စတင်ဆွဲပါသည်။
တစ်နေ့၌ သူငယ်ချင်းတစ်ယောက်က ကျွန်တော်၏ ပန်းချီကားများကို ကြည့်ရင်းနှင့် ” သြော် ကိုခင်မောင်ရင့် ပန်းချီကားများက လှနေတာပေါ့။ ဘာလို့ဆိုတော့ နိုင်ငံခြားက ဆေးတွေနဲ့ဆွဲတာကို “
ကျွန်တော် သူ့ကို ဘာမှပြန်မပြောခဲ့ပါ။အဲဒီတုန်းက ကျွန်တော့််ပန်းချီကား တစ်ကားမှ မရောင်းရသေးပါ။ ပန်းချီဆရာသည် သူ၏ပန်းချီကားများကို ရောင်းချင်၏။


မကြာသေးမီက ဂျပ်ဆင် Hall၌ စံမင်း၏ ပန်းချီပြပွဲသို့ ကျွန်တော်ရောက်သွားသောအခါ သူ့ကိုတောင်မှ ပြောခဲ့သေးတယ်။ ” ဟေ့ကောင် ရောင်းရမှ ပန်းချီကားနော်။ မရောင်းရရင် ပန်းချီကား မဟုတ်ဘူး” လို့ဆိုတော့ သူ့ရောင်ရင်းအားလုံးက ရယ်ကြတယ်။အဲဒီပြပွဲမှာ သူတစ်ကားမှ မရောင်းရဘူး။
ဒါပေမယ့် သူကတော့ ပန်းချီဆရာ။ ဘာဖြစ်လို့လဲဆိုတော့ သူက ပန်းချီဆွဲလို့။
ကျွန်တော်ကို ပန်းချီအကြောင်း စ၍ သင်ပေးသော သူ၏အကြောင်းကို နည်းနည်းပြောမယ် 😭. C ကျောင်းမှ ပန်းချီသင်သည့်ဆရာ။ ၁၉၄၉ ဇူလိုင်၌ ဆုံးသွားသည်။ အဲဒီဆရာသည် ကျွန်တော့်ကို ပန်းချီနှင့်ပတ်သတ်၍ စိတ်ဝင်စားစေအောင် လုပ်သွားသောဆရာ။ ထိုဆရာ၏ ရိုးသားမှု၊ ပြတ်သားမှု၊ ရှင်းလင်းမှုနှင့် မေတ္တာတရားများကို ကျွန်တော်ရရှိခဲ့၏။ ထိုဆရာကို မည်သူမျှမသိ။ အောင်စိုး၏ ဆရာလည်းဖြစ်ခဲ့၏။ သူ၏လွပ်လပ်စွာ တွေးခေါ်မှုသည် အောင်စိုး၌လည်းရှိ၏။ ကျွန်တော့်၌လည်း ရှိ၏။


မန္တလေးမှ ဦးခင်မောင်သည် ခေတ်သစ်ပန်းချီကို အလွန်မြှင့်တင်ပေးချင်သော လူတစ်ယောက်ဖြစ်ခဲ့၏။ ဆောင်ပါးများစွာလည်း ရေးခဲ့၏။ သူ၏ ပန်းချီကားများသည် အလွန်တိကျ၏။ Colour and lines များသည် ကျွန်တော်တို့အတွက် အံ့အားသင့်စေရ၏။ ကျွန်တော်တို့မမျှော်လင့်တာများကို သူဆွဲခဲ့၏။
ကျွန်တော်တို့မမြင်ဖူးသောအရာများကို သူဆွဲခဲ့၏။ သူက ( ၆၀) ကျော်ပြီ။ကျွန်တော်တို့က ( ၂၀) ကျော်ပဲ ရှိသေး။ ဒါပေမယ့် သူသည် ကျွန်တော်တို့နှင့် တန်းတူဆက်ဆံ၏။ သူ့အလုပ်သည် ” မြန်မာ့အမျိုးသားဘဏ်မန်နေဂျာ ” သူသည် ကျွန်တော်တို့အား ကမ္ဘာ့ပန်းချီသမိုင်းကို အရက်ဆိုင်များ၌ အများကြီးပြောခဲ့၏။ ကျွန်တော်တို့ဆိုသည်မှာ အုပ်ကြီး၊ ပေါ်ဦးသက်စသည့် မန္တလေးမှ ပန်းချီဆရာများဖြစ်ခဲ့၏။ အုပ်ကြီး၊ ပေါ်ဦးသက် ဆိုသောသူများသည် ဦးဘသက်၏ တပည့်၊ ဦးခင်မောင်၏တပည့်၊ ကျွန်တော်တို့၏ မိတ်ဆွေများဖြစ်၏။ သူတို့သည် မြန်မာ့ပန်းချီကို ကမ္ဘာ့ပန်းချီဖြစ်အောင် လုပ်ခဲ့၏။


ဦးဘသက်အကြောင်း ပြောဦးမည်။
ဝမ်းနည်းစရာ။
ဦးဘသက်၏ ပန်းချီကားများသည် မြန်မာပြည်၌ မရှိသလောက်ပင်။
အဂ်လိပ်များကသာလျှင် ဝယ်သွား၏။
အလွန်ကောင်းသော ပန်းချီကားများဖြစ်၏။
သူသည် ဆင်းဆင်းရဲရဲနှင့် ဆုံးသွား၏။
မြန်မာပြည်၌ သူကဲ့သို့သော ပန်းချီဆရာမရှိသေးဘူးဟု ကျွန်တော်ယူဆ၏။
ပေါ်ဦး၊ အုပ်ကြီးတို့အကြောင်း ဘာမှပြောစရာမရှိဘူး။
အားလုံးသိပြီးသား။
အဲဒါတွေဟာ Contemporary Artists တွေပဲ။
အဲဒါတွေဟာ နောက်ဘယ်တော့ ပေါ်လာမလဲမသိဘူး။
ဒါပဲ။


ခင်မောင်ရင်
ဇူလိုင်၊ ၁၉၉၇။

The AVA Art Gallery မှ ကူးယူဖော်ပြသည်။
Photo Credit- Soe Win Nyein

Add Your Comment

Address

No. 120, (Ground Floor), 51st Street (Middle), Pazontaung Township, Yangon, Myanmar

Contact Us

+95 9 759 477377
info@izanagallery.com

Open Hours

Daily 10:00 am – 5:00 pm
Except Official Public Holidays in Myanmar

Connect with us

Izana Gallery © 2024. All Rights Reserved.